အပိုင်း(၁၁)🍂

136 6 2
                                    

Unicode🍁

အိပ်ခန်းကို မိန်းကလေးများကနှစ်ခန်း ယောက်ျားလေးများကတစ်ခန်း နေကြခြင်းဖြစ်သည်။ ခင်၊ နန်းနှင့်မြတ်နိုးတို့တစ်ခန်း၊ ယွန်းနှင့်သီရိတို့ကတစ်ခန်းဖြစ်သည်။ အခန်းနှစ်ခန်းကတော့ မျက်နှာချင်းဆိုင်ပင်။ ပြည့်စုံတို့ယောက်ျားလေးတစ်ဖွဲ့ကတော့ အပေါ်တစ်ထပ်က အခန်းတွင်ဖြစ်သည်။ သီရိနှင့်ငြိမ်းချမ်းတို့ကတော့ လှေကားကနေဆင်းလာသည့် လမ်းတစ်လျှောက် တိုးတိုး တိုးတိုးနဲ့ စကားပြောလာကြသည်။ ကျန်သည့် ခင်တို့သုံးယောက်ကတော့ ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ်လို့နေသည်။ ရဲရင့်ကတော့ မျက်နှာက အနည်းငယ်ညှိုးကျနေသည်။ ပြည့်စုံကတော့ တစ်ခုခုကို အလေးအနက်တွေးနေပုံရသည်။ မျက်နှာက တည်တင်းလို့နေသည်။ ခင်ကတော့ ပြည့်စုံ သီချင်းဆိုနေသည့်ပုံစံကို ပြန်မြင်ယောင်မိပြီး ရင်ခုန်နေဆဲပင်။ ပြည့်စုံရဲ့ခံစားချက်ကရော ဘယ်လိုနေမလဲဆိုတာတော့ သိချင်ပါရဲ့။ မေးလည်း မမေးဝံ့။ ပြည့်စုံဆိုသည့်သူက မျက်နှာအကဲခတ်ရတာလည်း အလွန်ခက်သည့်လူဖြစ်၍ သူ့စိတ်ထဲဘယ်လိုရှိနေလဲဆိုတာကို မျက်လုံးကနေ လွယ်လွယ်မမြင်ရပေ။ ပြည့်စုံက သူတို့နေတဲ့အထပ်သို့ရောက်တော့ ခင့်ကို နှုတ်ဆက်သည်။

"ခင် အိပ်တော့မှာမလား"

"အင်း။ နင်လည်း အိပ်တော့မှာမလား။ ဂွတ်နိုက်နော်"

"အင်း။ ဂွတ်နိုက်.......။ ငါသွားပြီနော်"

ခင် အခန်းကို ပြန်ရောက်တော့ မြတ်နိုးက အိပ်ရာပေါ်မှာ လှဲနေသည်။ နန်းကိုတော့မတွေ့ရပေ။ မြတ်နိုးက တံခါးဖွင့်သံကြားတော့ ခေါင်းထောင်လာသည်။

"ဪ...ခင်တောင် ပြန်လာပြီပဲ"

"အင်း...နန်းရော"

"ဧည့်ကြိုကောင်တာဆီ ခဏသွားဦးမယ် ပြောပြီး ဆင်းသွားတာပဲ။ အခုထိ ပြန်မရောက်သေးဘူး"

"ဪ...အဲ့ဒါဆို ငါ သူ့ကို ခဏသွားကြည့်လိုက်ဦးမယ်"

"အေးအေး...သွားလေ"

ခင်လည်း ဧည့်ကြိုကောင်တာရှိသော အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ လှေကားအောက်ဆုံးထစ်ရောက်တာနဲ့ ရှေ့ကမြင်ကွင်းက ခင် ခြေလှမ်းတွေကို တုံ့ဆိုင်းသွားစေသည်။ ခင်နှုတ်ခမ်းလေးမှာလည်း အပြုံးလေးတစ်ခု ထင်းသွားသည်။ ကောင်တာရှေ့ရှိ ဆိုဖာခုံတစ်ခုမှာ နန်းက ခင့်ရှိရာဘက်ကို ကျောပေးလျက်ထိုင်နေသည်။ နန်းရဲ့ ဘေးကပ်လျက်မှာတော့ မင်းလတ်။ သူတို့နှစ်ယောက်တည်း သီးသန့် စကားပြောနေကြပုံ ပေါ်သည်။ ထို့ကြောင့် ခင်လည်း အလိုက်သိစွာ အိပ်ခန်းဆီ ပြန်တက်လာခဲ့လိုက်သည်။ နန်းပြန်လာရင်တော့ မေးစရာတွေ တန်းစီနေတော့မည်။ ခင်က ပြုံးစိစိနဲ့ အခန်းထဲဝင်လာတော့ မြတ်နိုးလည်း ‌စပ်စုသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now