အပိုင်း(၁၂)🍂

150 5 2
                                    

Unicode🍁

နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးသွားပြန်တော့ ဒုတိယနှစ်ဝက်‌ကျောင်းဖွင့်ချိန်သို့ ရောက်ရှိလို့လာလေပြီ။ မိုးဦးကာလမို့ တစ်ခါတရံ မိုးသားတိမ်တိုက်တို့ကလည်း ကောင်းကင်တစ်ခွင် အုံ့မှိုင်းနေတတ်သည်။ မန္တလေးတွင် မိုးသိပ်မများသော်လည်း မိုးရွာလျှင်လည်း တစ်နေကုန် တစိမ့်စိမ့်ရွာသွန်းတတ်သောကြောင့် ကျောင်းသူကျောင်းသားများမှာ ထီးတစ်လက်စီတော့ ဆောင်ထားကြရသည်။ ယနေ့တွင်လည်း မိုးစက်မိုးဖွားလေးတွေ ကျနေပါသေးသည်။ တက္ကသိုလ်ကျောင်းဝင်းထဲတွင် ချစ်သူစုံတွဲများက ထီးတစ်လက်တည်းဖြင့် မိုးထဲရေထဲ ရိုမန့်တစ်ဆန်ဆန် ဖြည်းဖြည်းဆေးဆေး လျှောက်နေကြသော်လည်း ထီးမပါသူများကတော့ ထီးပါသည့် သူငယ်ချင်းများနှင့် အလုအယက်ဆောင်းကြရသည်။ ခင်နှင့်သီရိတို့ကလည်း သည်လိုမိုးရွာသည့်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ထမင်းချိုင့် မပါလာကြပေ။ ခင်ကပဲ ထီးပါလာသောကြောင့် ခင်တို့မှာ နှစ်ယောက်တစ်ကမ္ဘာတည်ရမည့် အခြေအနေပါဆိုမှ ယွန်းကပါ အဆစ်ပါလာသေးသည်။ ထိုအခါ ထုံးစံအတိုင်း ကြွက်နှင့်ကြောင်ရန်ဖြစ်ကြပြန်သည်။ ထီးပိုင်ရှင် ခင့်မှာတော့ သူတို့နှစ်ယောက် တွန်းထိုးနေကြသည်ကို ကြားက ခံနေရ၏။

"ဟဲ့...ထီးက နှစ်ယောက်တောင် အနိုင်နိုင်ဆောင်းနေရတာလေ။ နင်ပါရောက်လာတော့ ဘယ်လိုလုပ်မလဲ"

"ငါလည်း ထီးမပါလို့ပါ လချမီးရာ"

" ဝေယံနဲ့တစ်ခါတည်း လိုက်သွားပါ့လားဟ"

"သူတောင် ထီးမပါလို့ တခြားလူနဲ့ ကပ်လိုက်သွားရတာ"

"ဟိုဘက်တော့ နည်းနည်းတိုးစမ်းဟာ။ ငါ့ပုခုံးရေစို‌နေပြီဟ"

သီရိက ပြောရင်းနဲ့ အလယ်က ခင့်ကို ပုခုံးနဲ့တွန်းတော့ ယွန်းက ထီးအပြင်ရောက်သွား၏။ ထိုအခါ ယွန်းကလည်း ခင့်ကို ပြန်တွန်းလေတော့ ခင့်မှာ ကြားထဲကနေ ယိုင်ထိုးနေတော့သည်။ ထီးလည်း ငှားပေးရသေး၊ အတွန်းလည်းခံ‌ရသေး။ သူတို့နှစ်ယောက်နှင့် သူငယ်ချင်းဖြစ်ရတာ လွယ်မနေပါ။

"တော်ကြပါတော့ဟာ။ နင်တို့ရန်ဖြစ်နေတာနဲ့ ကန်တင်းကို မရောက်နိုင်ဘူး"

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Tempat cerita menjadi hidup. Temukan sekarang