အပိုင်း(၁၆)🍂ဇာတ်သိမ်းပိုင်း

438 9 0
                                    

Unicode🍁

တမာတန်းကအပြန်မှာတော့ အဓိပတိလမ်းမကြီးတစ်လျှောက် တိတ်ဆိတ်လို့နေသည်။ ခင်တို့နှစ်ယောက်ရဲ့ခြေသံများမှအပ မည့်သည့်အသံမျှမကြားရချေ။ ပုံမှန်အတန်းဆင်းချိန် မရောက်သေး၍ လမ်းမကြီးတစ်လျှောက် လက်ချင်းတွဲ၍ ဘေးချင်းယှဉ်လျက် လမ်းလျှောက်လာသော ခင်တို့နှစ်ယောက်သာရှိလေသည်။ အခုချိန်မှာ‌တော့ သည်အဓိပတိလမ်းမကြီးက ခင်တို့နှစ်ဦးပိုင် သီးသန့်နေရာလေးလိုဖြစ်နေပါ၏။ ခင်က ပြည့်စုံကို စောင်းငဲ့ကြည့်လိုက်သည်။ ပြည့်စုံရဲ့မျက်နှာကတော့ ပြုံးစိစိပင်။

"ဘာတွေများ တွေးပြီး ပြုံးနေတာလဲ"

"သူငယ်ချင်းတွေ အဖွဲ့လိုက်ကြီးပေါင်းပြီး ငါတို့အတွက် အကျိုးဆောင်တာကို တွေးမိပြီး ရယ်ချင်လို့ပါ"

"ချီးထုပ်တစ်ကောင်က ငါ့ကို ရှောင်မနေရင် သူတို့တွေလည်း ဒီလောက်အပင်ပန်းခံစရာမလိုဘူးလေ"

"အဲ့ဒီချီးထုပ်ကောင်လေးကို ငါသိသလိုပဲ"

"အင်း သိသင့်ပါတယ်လေ"
ထို့နောက် ခင်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မိကြလေသည်။ ပြည့်စုံက အတည်ပေါက်နဲ့ နောက်ပြန်သေးသည်။

"အဲ့ကောင်လေးက ချောတယ်မလား"

"မချောပါဘူး။ မေဂျာkingရထားတယ်လို့တော့ ပြောတာပဲ။ တခြားkingတွေနဲ့လည်း မတူပါဘူးအေ"

"အား...ရက်စက်လိုက်တာ။ ကိုယ့်ရည်းစားနုနုထွတ်ထွတ်လေးကို နင်မို့လို့ပြောရက်တယ်"

"ငါ့နှယ် စိတ်လေလိုက်တာ။ အဖြေပေးမိတာမှားပြီထင်ပါတယ်ဟာ"

"အံမယ်...ပြောပြီးသားစကားကိုတော့ ပြန်ရုတ်သိမ်းလို့မရဘူးနော်။ ဘာမှလာမပြောနဲ့။ နင်က ငါ့ကောင်မလေးပဲ"
ပြည့်စုံက ခင့်ပုခုံးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ရင်း ပြောခြင်းဖြစ်သည်။ မျက်နှာမှာလည်း ဂုဏ်ယူဝံ့ကြွားနေဟန် အပြုံးတစ်ခုက ဝင်းလက်လို့နေသည်။

ပြည့်စုံက ဆိုင်ကယ်ကို ဆိုင်ကယ်စတန်းမှာ ရပ်ထားခဲ့ပြီး ခင်တို့ ဖယ်ရီကားကလည်း ဆိုင်ကယ်စတန်းဘေးနားက နေရာအလွတ်မှာ ရှိသောကြောင့် ထိုနေရာထိ ခင်တို့နှစ်ယောက် အတူတူလျှောက်လာခဲ့ကြသည်။ ကားနားရောက်တော့ မျှော်မှန်းထားသည့်အတိုင်းပင်။ စပ်စုစိန်တို့တစ်သိုက်က အဖွဲ့လိုက်ရပ်စောင့်နေကြ၏။ ပြည့်စုံက ခင့်ပုခုံးလေးကိုဖက်ရင်း နှစ်ယောက်သား အတူတူလာကြတာကိုမြင်မှ သူတို့မှာလည်း သက်ပြင်းကြီးချနိုင်ကြတော့သည်။ ငြိမ်းချမ်းကတော့ မကျေမချမ်း ထပြောသေးသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Tempat cerita menjadi hidup. Temukan sekarang