အပိုင်း(၁၃)🍂

156 5 4
                                    

Unicode🍁

ခင်တို့နှစ်ယောက် ကုသိုလ်တော်ဘုရားကနေအပြန် မန္တလေးကျုံးနားအရောက် ခဏရပ်လိုက်ကြသည်။ နန်းတော်ထဲထိ ဝင်တာမဟုတ်ဘဲ နန်းမြို့ရိုးနှင့် ကျုံးကြား လမ်းလေးထဲမှာ လမ်းလျှောက်ဖို့သာ ရပ်လိုက်ခြင်းဖြစ်သည်။ ခင်တို့ရောက်ချိန်မှာ ညနေ ရောက်နေပြီမို့ လေပြည်အေးအေးလေးက ကျုံးရေပြင်ကို ဖြတ်တိုက်လျက်ရှိလေသည်။ ထိုလေပြည်လေးကြောင့် လမ်းတစ်လျှောက် အေးမြနေပါသည်။ အခုလို လမ်းလျှောက်ရင်းလည်း ခင်တို့နှစ်‌ယောက်မှာ ဘယ်သူကမှ စကားမစမိသည်မို့ တိတ်ဆိတ်နေပြန်သည်။ နေရထိုင်ရခက်သည့်တိတ်ဆိတ်မှုမျိုးတော့မဟုတ်။ သည်အတိုင်းလေးကို သက်တောင့်သက်သာရှိနေသည့် တိတ်ဆိတ်မှုမျိုးသာဖြစ်သည်။

အပြင်မှာသာတိတ်ဆိတ်နေပေမယ့် ပြည့်စုံစိတ်ထဲတော့ ဗလောင်ဆူနေလေသည်။ ခင့်ကို မခေါ်ခင်ကတည်းက သည်နေ့တော့ ပြောစရာရှိတာပြောလိုက်တော့မည်ဟု စိတ်ပိုင်းဖြတ်ထားသော်လည်း တကယ်တမ်း ခင့်ကိုမြင်ရချိန်မှာတော့ ဘယ်ကနေဘယ်လို စပြောရမှန်းကိုမသိတော့ချေ။ စကားအစဖော်ဖို့တောင် အခွင့်အရေးမသာသလိုမျိုးဖြစ်နေခဲ့၏။ သူက အဲ့သည်လောက်တောင် သတ္တိမဲ့တဲ့လူများ ဖြစ်နေလေပြီလား။ မင်းလတ်ရော ငြိမ်းချမ်းပါ ဖွင့်ပြောလိုက်ကြလို့ သူတို့ချစ်တဲ့သူနဲ့ နီးစပ်ခွင့်ရတာပါပဲ။ သူ့ကျမှ ခင့်ကို ချစ်ရေးဆိုဖို့အရေး သည်လိုချီတုံချတုံ ဖြစ်နေတာကိုလည်း သူ့ကိုယ်သူ အားမရလှ။ ခင့်ကို နှစ်တွေအကြာကြီး ချစ်ခဲ့သည်။ ဟုတ်ပါသည်။ ချစ်တာပါ။ သာမန်ကာလျှံကာ သဘောကျစွဲလမ်းမိရုံမဟုတ်ဘဲ နှစ်နှစ်ကာကာချစ်‌နေမိတာမျိုးပါ။ ခင့်ကိုချစ်ကြောင်းထုတ်မပြဘဲ သူငယ်ချင်းအဖြစ်နဲ့ ခင့်ဘဝထဲရှိနေခဲ့တာလည်း နှစ်တွေကြာလှပါပြီ။ သည်တိုင်းလေးလည်း သူ့အတွက်အဆင်ပြေခဲ့တာပါပဲ။ သူလိုချင်ခဲ့တာက ခင့်ကိုမဟုတ်ဘဲ ခင့်ရဲ့ပျော်ရွှင်မှုပဲလေ။ ခင့်ပျော်နေရင် သူလည်း ပျော်ရွှင်နေရသည်မို့ ခင့်ဘေးနားမှာပဲ ခံစားချက်တွေကိုဖုံးကွယ်ရင်း နေခဲ့ခြင်းဖြစ်သည်။

သို့သော် သူငယ်ချင်းတွေထဲ ချစ်သူတွေဖြစ်သွားကြတာကို မြင်ရတော့ ပြည့်စုံတစ်ယောက် မနာလိုဖြစ်မိသည်။ အားလည်းကျမိသည်။ မသိစိတ်ထဲတစ်နေရာမှာ ဝမ်းနည်းစိတ်လေးလည်း ရှိနေပြန်ပါသည်။ လောဘလည်း တက်မိပါသေးသည်။ သူလည်း ခင့်ကို ဖွင့်ပြောလိုက်ရင်ကောင်းမလား‌လို့ တွေးမိခဲ့တာလည်း အခေါက်ပေါင်း မရေမတွက်နိုင်အောင်ပင်။ ထိုသို့တွေးမိတိုင်း သူငယ်ချင်းအဖြစ်တောင် နေခွင့်မရှိတော့ဘဲ  ခင့်အနားက ထွက်ခွာသွားရမှာကို ကြောက်တဲ့စိတ်ကဝင်လာစမြဲပင်။ အခုချိန်မှာလည်း ထိုကဲ့သို့သော ကြောက်စိတ်က ပြည့်စုံရဲ့အာရုံကိုလွှမ်းမိုးလို့ထားပြန်သည်။ အခုလိုအချိန်ဖွင့်မပြောမိရင်လည်း တစ်သက်လုံးဖွင့်ပြောဖြစ်ပါ့တော့မလားမသိပေ။ သူနောက်ကျသွားမှာကိုလည်း စိုးရိမ်နေရပြန်သည်။ သည်လိုအတွေးများနေချိန် သူ့ကို လက်တွေ့ဘဝဆီ ပြန်‌ခေါ်ဆောင်လိုက်သည်ကတော့ ခင့်ရဲ့အသံလေးပင်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now