ဒီရက်ပိုင်း မိုးလင်းမှ မိုးချုပ် အိမ်မှာ သာလိကာတစ်ကောင် လာလာနားတယ်။ ရိုးရိုးသာလိကာမဟုတ်ဘူး သီးနှံပေါင်းစုံကို ချီပိုးသယ်ယူလာတဲ့ သာလိကာ။ မတောက်တခေါက် ဘိုလိုထည့်မှုတ်ချင်သေးတဲ့ ဘိုရူးသာလိကာ။ ဟိုးတစ်ရက်က ဒင်းကိုသနားတာနဲ့ ထိုးပေးလာတဲ့ လက်ညှိုးလက်ခလယ်ကိုထိအောင် နှိပ်လို့ ငြိမ်းချမ်းရေးယူပေးလိုက်ချိန်မှစ သူ့အိမ်က ငှက်လှောင်အိမ်ကြီးဖြစ်သွားတော့တာ။
ခုလည်း သူအလုပ်လုပ်နေတဲ့စားပွဲဘေးက ကုတင်ပေါ် မှောက်လို့ ခြေထောက်နှစ်ချောင်းထောင်ကာ ဘယ်ညာလွှဲလှုပ်ယမ်းဘို့ စာအုပ်တစ်အုပ်ဖတ်နေတယ်။ သာလိကာတွေ စာအုပ်ဘယ်လိုဖတ်လဲ သိကြသလား။
''ဟာ မဖြစ်သင့်တာကြီး''
''That's right''
''အေးလေ အဲလိုလုပ်လိုက်ရမှာ''
''သနားပါတယ်'' စသဖြင့် အသံပေါင်းစုံထွက်လို့ ဖတ်တာ။
နားဆူလောက်ရအောင်လည်း မဟုတ်ဘဲ အသံတိုးတိုး လေအေးအေးနဲ့ ရေရွတ်တာ။ အစကတော့ အာရုံနောက်သလိုရှိပေမဲ့ ကြာတော့ designမှာ errorတက်လို့ ခေါင်းတွေခြောက်နေရပြီဆို အဲ့ဒီအသံပိကျိပိကျိတွေက စိတ်ဖြေစရာလေးဖြစ်လာတာတော့ အဆန်းသား။ တစ်ခါတလေ သောက်ပေါက်တက်ကရ ဒဿနတွေပါပြောလာတဲ့အခါ ဒင်းမသိအောင် ခိုးရယ်ရချိန်ဆို စိတ်ရောကိုယ်ပါလန်းဆန်းသွားတတ်တာ။ ပေါ်တင်တော့မရယ်ရဲ ပိုကမ်းတက်လာမှာစိုးရတယ်။
''တော်သေး ရိုမီယိုနဲ့ ဂျူးလိယက် ညားသွားလို့ပေါ့''
ဘာလား..
version အသစ်များ ထွက်ရော့လား..အံမယ် ရင်ဘက်လေး တဖိဖိနဲ့ တော်သေးတာပေါ့ဆိုတဲ့ စတိုင်ကဖမ်းသေးတာ။ရိုမီယိုနဲ့ ဂျူးလိယက်ညားခြင်းအပေါ် လူတစ်ကိုယ်လုံး သိချင်စိတ်က ယွပိုးထိုးလာတော့..
''အဲ့စာအုပ်ပြစမ်း''
ကမ်းပေးလိုက်တဲ့ စာအုပ်ကို ခပ်သွက်သွက်လှန်ကြည့်မိတယ်။မဟုတ်သေးပါဘူး.. ဒင်း ဖတ်တဲ့စာအုပ်နဲ့ သူ အခုဖတ်မိတဲ့စာအုပ်က တစ်အုပ်တည်းတော့ဟုတ်ကောင်းပါရဲ့။ ဘယ်မှာလဲ ရိုမီယို.. ဘယ်မှာလဲ ဂျူးလိယက်။ဒါ ဒီတိုင်း သာမန်အချစ်ဝတ္ထုတစ်အုပ်ကြီး။
