ကျွန်မဒေါ်ညှို့ခက်သွယ်အိမ်မှပြန်လာပြီး နောက် ရက်အတော်အကြာအထိပြန်မသွားဖြစ်ခဲ့။ဒေါ်ညှို့ခက်သွယ် အားမြင်လျှင် ရင်ထဲအနေခက်လှသည်။ကလေးမဟုတ်သည့် ကျွန်မသည်ထိုအရာအားရင်ခုန်ခြင်းမှန်းသိ၏။သို့သော် ကျွန်မအမျိုးသမီးတယောက်အား ရင်ခုန်နေသည်ကား မထင်မှတ်ထားသည့်အရာ။အနေနီးလို့ ချစ်မိသည်ဆိုရအောင် လည်းကျွန်မ ရောက်တာ တပတ်မပြည့် သေး။သူမအားရှောင်နေခြင်းမဟုတ်ဘဲ ကျွန်မ ကိုယ့်ကိုယ်ကို မသေချာ၍ဖြစ်သည်။
"ဧကရီရေ....ညီမလေး"
"ဒေါ်ညှို့ခက်သွယ်ဆီသွားပေးပါလား အမဘုန်းကြီးကျောင်း သွားရမှာမလို့"
"ဘုန်းကြီးကျောင်းက"
"ဒီနေ့ အမတူလေးမွေးနေ့ ဆွမ်းချိုင့်ပို့ပေးမလို့ ...ကူညီပါညီမလေးရယ် နောက်နေ့အမအစားပြန်သွားပေးမှာပေါ့"
"ရ ရပါတယ်အမရဲ့ ကလေးမွေးနေ့ပဲကို"
"ညီမပဲ သွားလိုက်ပါ့မယ်"ရှောင်ပါတယ်ဆိုကာမှ ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်။ငြင်းလို့ကလည်းမကောင်း။ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကရမည်။ထိုအမျိုးသမီးမျက်နှာမမြင်ရတာလည်း ကြာပါကော ။သွားလိုက်တာကောင်းပါရဲ့။
သွေးပေါင်တိုင်းရန်လိုအပ်သည်နှင့် ဆေးအိတ်အားယူကာ ဒေါ်ညှို့ခက်သွယ်အိမ်သို့ထွက်ခဲ့သည်။ ယနေ့တော့ ရာသီဥတုကောင်းနေသည်။ဖုန်တလူလူ နှင့်လမ်းသည် ကျွန်မနှင့်အသားကျနေပြီဖြစ်သည်။မျက်မှန်းတန်းသိသည့်သူများကနှုတ်ဆက်ကြသလို တချို့ကလည်း အားလျှင်အိမ်လာဖို့ခေါ်တတ်သေးသည်။ဗမာလိုမပီတပီနှင့်ပေါ့။ခြံရှေ့ရောက်သောအခါတံခါးပွင့်နေသည်မို့ ကိုယ့်ဘာသာ ဝင်လာခဲ့လိုက်သည်။ဒေါ်ညှို့ခက်သွယ် ခြံအားအခုမှသေချာကြည့်မိသည်။အပြင်ကကြည့်လျှင် ကျောချမ်းစရာကောင်းပေမယ့် အထဲ၌သီးပင်စားပင် အတော်များသည်။ပန်းတွေတောင်စိုက်ထားသေးသည်။
အိမ်ထဲ၌တိတ်ဆိတ်နေသည် ။ပြတင်းပေါက်နား၌အမျိုးသမီးတယောက်ဟာရှိမနေ။စုံလည်ခုံဘေး ၌သောက်လက်စဝီစကီတခွက်နှင့် ပြာခွက်ထဲမှစီးကရက်တို တလိပ်သာရှိသည်။နေရာ အနှံ့ကြည့်မိသော်လည်း ဒေါ်ညှို့ခက်သွယ်ဟာ ဧည့်ခန်းထဲ၌ရှိမနေခဲ့။
ကျွန်မထိုနားရှိကုလားထိုင်၌ ထိုင်ချလိုက်မိသည်။ဒီလောက်ထိဝင်တာပဲ တော်သင့်ပြီ။သူတပါးအိမ်တော့ လိုက်မမွှေနှောက်ချင်။
YOU ARE READING
"ညှို့"
Romance"ဒေါ်ညှို့ခက်သွယ် ဟာကျွန်မကိုနမ်းသည်" "ချစ်တယ်လည်းမပြောပါပဲ ...." "ပိုင်စိုးပိုင်နင်းနဲ့"