သံသရာတစ်ကွေ့မှာကိုယ်တို့ပြန်တွေ့နိုင်ကြဦးမယ်ဆိုရင်တောင်ပေါ့လေ..............
"ဟိုး.. မှာမျောနေတဲ့ မီးပုံးလေးတွေကိုကြည့်စမ်းပါ မြ.. စလွှတ်တုန်းကတော့အတူတူပဲနော်"
"အင်း ဒါဖြင့်..? "
မြက အနောက်ရပ်မြစ်ကမ်းကိုငေးလျှက်သာ မေးလေးဆတ်ရင်းမေးသည်။
မြမျက်နှာကလေးဟာလေ တစ်ကြိမ်တစ်ခါကြည့်မိပြီးရင် အကြည့်လွှဲနိုင်စွမ်းမဲ့အောင် ညှို့လွန်းတယ်။
မီးပုံမျောရဲ့ဆီမီးဝါဝါဟာ မြစ်ရေပြင်ကို ထင်ဟပ်နေသလို လပြည့်ဝန်းအလင်းရောင်က မြရဲ့ ပြောင်ရှင်းမွတ်သောပါးပြင်ကို အရောင်တင်ထားပေးတယ်။
အို.. အရာရာထက်'မြ'က ပိုလှတာပဲ။
ဟော.. မြရဲ့ဆံနွယ်ကြားက ပန်းကလေးသာကြည့်..
မြရဲ့ထည်ဝါမှုအောက်မှာ အလူးလိမ့် ကျရှူံးနေပါရော့လား။ ကြယ်ကလေးများသည်လည်းကောင်း၊ မြစ်ထဲမျောသွားသော မီးပုံးလေးများသည်လည်းကောင်း မြ၏တောက်ပမှုများဖြင့် မှေးမှိန်သွားကြရှာပေါ့။ နီညိုရောင် မှဲ့ကလေးဆိုလည်း မြရဲ့မျက်နှာထက် ပေါ်လွင်နေလိုက်တာများ..။ အရာရာထက်ပိုလှတဲ့ မြကို ကိုယ်တကယ်မက်မောခဲ့သည်။ ထိုအလှဆုံးအရာလေးဟာ ကိုယ့်ဘေးမှာ ဘယ်အချိန်ထိ ရှိနေနိုင်လောက်မလဲ။"တကယ်တော့လေ မီးပုံးမျောလေးတွေဟာ အချိန်တစ်ကွေ့ ရေစီးတစ်ကွေ့မှာ ခွဲခွာကြရတယ်မြရယ်..
လူတွေလည်း သည်လိုပါပဲ.. မြနဲ့ကိုယ်နဲ့လည်း.. ""အို.. မဟုတ်တာ "
စကားမဆုံးခင်ပင် မြက သူ့အားစွဲလမ်းရသူထံ အကြည့်များခြုံရင်း မျက်မှောင်လည်းအနည်းငယ်ကျုံ့ထားသည်။
"တို့ကတော့ တိုးတိုးနဲ့မခွဲချင်ပါဘူး.. အဲ့လိုလည်းမဖြစ်ရဘူး"
"ကိုယ်မြကိုချစ်တယ်"
စကားအဆုံးမြက တစ်ချက်စဉ်းစားသလို ခေတ္တငြိမ်သွားသည်။ ပြီးနောက် ဘာမှမဖြစ်သလိုပြုံးပြ၏။
"အင်း သိတာပေါ့ကွယ်။ တို့လည်း မင်းကို ညီမလေးအရင်းထက်ပိုချစ်တာပါပဲ"
ဒါပါပဲ မြရယ်။ မြရဲ့သဘောထားဟာ ကိုယ့်ကို ညီမလေးတစ်ယောက်ဆိုတာထက်မှ မပိုခဲ့တာပဲ ။ မြကိုလေ မိန်းမချင်းချစ်မိတယ်ဆိုပြီး ဝန်ခံလိုက်ရင် လှောင်ရယ်လိမ့်လေမလား ။ မြရဲ့ နွဲ့နှောင်းတဲ့အပြုအမူတိုင်းမှာ မိန်းကလေးတစ်ယောက်ကျရှူံးနေတာကို မြသိရဲ့လားဟင်။
YOU ARE READING
ကိုယ်ပန်ချင်သော.. နှင်းဆီဝါ