Intermission
-ကိုယ်ပန်ချင်သောနှင်းဆီဝါ-
မြို့ပြအင်ဂျင်နီယာဌာနတွင် အလှဆုံး၊အတော်ဆုံး စံပြကျောင်းသူ မြလေးရုံ.. ။ သူမကိုမသိလျှင် စက်မှုကျောင်းမှ ကျောင်းသားမဟုတ်။ အဖြူရောင်ရှပ်ကိုနက်ပြာရောင်ထဘီထဲထည့်ဝတ်သည့်ပုံစံသည် မြင်သမျှယောက်ျားမိန်းမတို့ လည်တစ်ပြန်ငေးကြည့်သွားစေဖို့ လုံလောက်သည်။
အမှန်တော့ ရှပ်ကို ထဘီထဲထည့်ဝတ်သည်မှာ မြတစ်ယောက်တည်းတော့လည်းမဟုတ်ပါ။ မြဖြစ်နေ၍သာ ပို၍လှနေခြင်းဖြစ်သည်။
မြ၏ဆင်စွယ်ရောင်အသားရည် ၊ သေးသွယ်ကော့ဆင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် နွဲ့နှောင်းသောအမူရာတို့၏ပေါင်းစပ်မှုသည် နှင်းဆီဝါလေးတစ်ပွင့်ယိမ်းနွဲ့နေဟန်နှင့်တူသည်။ထိုနှင်းဆီဝါသည် မြင်သောသူလိုချင်သောပန်း ။
ခူးဆွတ်လိုသူများသော်ငှား အနားကပ်ရန်ခဲခက်သော နှင်းဆီ။ ကိုယ်နှင့်မထိုက်တန်ဘူးလို့ တစ်ကြိမ်မျှတွေးလိုက်လျှင်တော့... သူများပန်မှမျှော်ရမည့်နှင်းဆီခိုင်။ ကိုယ်ဟာ လိုချင်တသသနှင့် မြအနားတွယ်ကပ်နေပါလျက် နောက်ဆုံးတွင် သူတစ်ပါးပန်ဆင်သည်ကို မရှုစိမ့်ရသည့် အခန်းကဏ္ဍက ဇာတ်ပို့တစ်ယောက်သာဖြစ်ချေသည်။.........
မြနှင့်ကိုယ်သည် မေဂျာမတူကြသဖြင့် ကျောင်းတွင်တွေ့ဆုံလေ့ သိပ်မရှိကြ။ နေ့ခင်းတစ်ကြိမ်မျှပင် ကန်တင်းတွင်တွေ့ရတတ်သည်ဟုမရှိ။ အဆောင်ခန်းထဲတွင် တီတီတာတာအချွဲပိုတတ်သည့်မြသည် ကျောင်းရောက်လျှင် ရင့်ကျက်တည်ငြိမ်သောအသွင်ဖြင့် စကားလည်းနည်းသွားတတ်သည်။
တစ်ခန်းတည်း အတူနေ၍ ဂစ်တာတီးတတ်သည် ၊ နှင်းဆီဝါကြိုက်သည်၊ မုန့်ဟင်းခါးကြိုက်တတ်သည် ဆိုတာလောက်သာ သိရှိထားသော ကိုယ်ဟာ မြအကြောင်း သိပ်သိလှပြီ ထင်ဖူး၏။ အကယ်စင်စစ် မြ၏စိတ်များ ဘယ်ဆီယိမ်းလို့ ဘယ်မှာရွာလဲ ကိုယ်ဘယ်လိုမှနားမလည်သည့်အကြောင်း ထိုနေ့ညနေက သေသေချာချာသိခဲ့ရပါသည်။
ထိုနေ့ နေ့လည်ခင်းက ကန်တင်းတွင်စားသောက်နေရင်း ထူးခြားသောအရိပ်ကလေးကိုလှပ်ခနဲ့မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထိုအရိပ်ကလေးကို ပြုံးရင်းရွှင်ရင်းကြည့်မိသည်။ ထင်သည့်အတိုင်း ထိုအရိပ်ကလေးသည် မြဖြစ်ပေတည်း။
ŞİMDİ OKUDUĞUN
ကိုယ်ပန်ချင်သော.. နှင်းဆီဝါ