သဘောကျချင်စရာအမျိုးသမီးတစ်ဦးဟာ ကိုယ့်ဘဝထဲ တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ဝင်ရောက်လာခဲ့သည်။ ကံတရားတွေ၊ချစ်ခြင်းမေတ္တာတွေသာဖယ်ထားလိုက်လျှင် သည့်ထက်ဇာတ်သိမ်းလှသည့် ပုံပြင်တစ်ပုဒ်ဖြစ်လောက်လေမလား။ အဝါရောင်နှင်းဆီတွေအစား အဖြူရောင်တွေသာဖြစ်ခဲ့လျှင်ကော.. မြနှင့်ကိုယ်တို့ဆက်နွယ်မှုသည် အချစ်ဆုံးသူငယ်ချင်းများအဖြစ် တည်ရှိလောက်မလား။ သို့တည်းမဟုတ် ညီအမလို ချစ်ခင် ရင်းနှီးရသော အမျိုးသမီးနှစ်ဦးပေါ့။
....................တစ်ဖက်ကုတင်တွင် လက်သည်းများကို တိတိရိရိကိုက်ဖြတ်နေသော မြအား စိတ်ဝင်တစားငေးမောနေမိသည်။ ထို့နောက်မဝံ့မရဲရှေ့သို့တိုးရင်း အနီရောင်နှင်းဆီတစ်ပွင့် ကမ်းပေးလိုက်သည်။
မြက သူမမျက်ခုံးသေးသေးကလေးကို ပင့်ကာ ကိုယ့်ကိုတစ်လှည့် နှင်းဆီပွင့်ကိုတစ်လှည့် ကြည့်ရင်း မျက်အိမ်ကလေးများ ပို၍ ကျယ်ဝန်းလာဟန်ရှိသည်။ ဆိုလိုသည်မှာ ဘာအတွက်များလဲ ဟူသည့်သဘော။
"ဟို.. ဟို.. ဟိုနေ့က နှင်းဆီပွင့်အစားပါ"
စကားပြောမကျွမ်းကျင်သည့်ကိစ္စကို သည်တစ်ခါလောက် အားမလိုအားမရ မဖြစ်ဖူးပါ။ တကတည်း အ,ထစ်နေလိုက်တာ။
"မနေ့ကပဲပေးပြီးပြီးမဟုတ်လား.. ဘာမဟုတ်တဲ့ကိစ္စလေးကိုကွယ် "
မြက သဘောကျတဲ့လေသံတစ်ဝက်နှင့် နှင်းဆီပွင့်လွှာတွေထဲ သူမနှာခေါင်းလုံးလေးနစ်ဝင်သွားသည်အထိ ရှိုက်မွှေးရင်းပြောသည်။
သူပဲ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် အခုမှ ကျောင်းစတက်တဲ့ ဖရက်ရှာ (fresher)လေးကို မခေါ်မပြော လုပ်နေခဲ့တာ မဟုတ်ပါလား။ ဘယ်လောက်ပဲ ပတ်ဝန်းကျင်လေ့လာမှုအားနည်းပါစေဦး ကိုယ်သည်လောက်တော့ ပေါင်းသင်းဆက်ဆံရေးမညံ့ပါ။
"နောက်တစ်ခါ ပေးချင်တယ်ဆိုရင် အဝါရောင်နှင်းဆီပဲပေး.. နော် "
အလို.. ကိုယ်ကပဲပေးချင်ရတယ်ဖြစ်ရသေးသည်။ ချေးများလိုက်လေခြင်းဟုလည်း စိတ်ထဲမှ ပြစ်တင်ဖွဲ့မိသေး၏။
"ဟုတ် အစ်မ.. နှင်းဆီအဝါက ဒီနေ့မရခဲ့လို့ပါ "
"အစ်မ အစ်မလို့မခေါ်နဲ့လို့ ပြောပြီးပြီမဟုတ်လား.."
YOU ARE READING
ကိုယ်ပန်ချင်သော.. နှင်းဆီဝါ