အပိုင်း ၁၃

1K 121 7
                                    

ထိုအမျိုးသမီးမှာ နွယ်ပင်ကိုင်းခတ်များလို ကိုယ့်ရင်မှာ တစ်ရစ်ပြီးတစ်ရစ် အမြစ်တွယ်သည်။ တစ်ခါတွယ်ပြီးလျှင် ရုန်းလည်းမရ ခုတ်လည်းမရ။ အမြစ်ကိုဖြတ်ဖို့ ဆေးမရှိရာ။ အသည်းနက်တွင်းအထိ တွယ်တစ်သွယ် နွယ်တစ်ယှက် ထိုးဖောက်အခြေခိုင်နေသည့် သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာ နှောင်ကြိုးတွေဟာ နွယ်တွေလို ပို၍ ပို၍သာ အမြစ်ပွားလာသည်။

မိုက်မိုက်မဲမဲ တွယ်ကပ်နေသော ကိုယ့်လက်အစုံဟာတော့ ထိုနွယ်ရှင်နွယ်ပင်တွေထက် သာ၍ အနွယ်အရစ် သန်ပါလေ၏။ ဒါသည်လည်း ငြင်းမရပါလေ။

တစ်ရံတစ်ခါများတော့ ကိုယ်ဟာပဲ မြကိုတွယ်ခဲ့သလား၊ မြဟာပဲ ကိုယ့်ကို နွယ်ခဲ့သလား မတွေးတတ်ပါတော့ချေ။

..

စာမေးပွဲတွင်းသို့ ရောက်မှန်းမသိရောက်လာချိန်တွင် မိုင်နာဘာသာများ မကျရေးအတွက်အထူးလုံးပမ်းရသည်။

"ဒီမယ်.. Newton second law ကိုထည့်ရုံပဲလေ။ Acceleration ကို xအတွက်တစ်ခါရှာ၊ yအတွက်တစ်ခါရှာ"

ခဲတံဖြင့် စာရွက်ပေါ်လိုင်းခြစ်ပြသော်လည်း ကိုယ်နားမလည်။ နည်းနည်းနောနော အတန်းပျက်ထားခြင်းမှမဟုတ်တာ။ မျက်လုံးလေး ကလယ်ကလယ်ဖြင့် မြကိုတစ်လှည့် ခဲ သားပြထားသော စာလုံး‌များကို ပြူး၍တစ်လှည့်ကြည့်သည်။ ကိုယ် ဘာမှမတွေ့။

"‌ကဲ.. မေတိုးမောင်။ Newton second law ကိုမသိဘူးလို့တော့ မပြောနဲ့နော် "

မှန်၏။ ကိုယ်အမှန်တကယ်မသိပါ။

"ကိုယ်.. အဲ့နေ့က အတန်းမတက်ခဲ့လို့"

မျက်နှာငယ်ဖြင့် ပြန်ဖြေလိုက်သော်လည်း မြအမူရာမှာ ကျေနပ်နေသည့်ပုံတော့မဟုတ်။

"ဒါဆို မက်ကဲန်းနစ် (mechanic ) တွေကော ဘယ်နှခန်းရသလဲ"

မြမျက်နှာကိုမကြည့်ဘဲ ခေါင်းခါပြမိသော်လည်း မြစိတ်ဆိုးနေမည်မှန်း သေသေချာချာသိသည်။

"တိုး အတန်းတွေတယ်ပျက်တာကိုး.."

စိတ်ပျက်အားလျော့သွားသော မြအသံနှင့် စာရွက်များတစ်ပြန်ပြီးတစ်ပြန် လှန်လှောသံတို့ကိုကြားရသည်။ ကိုယ်ကတော့ အပြစ်လုပ်ထားသော ကလေးလို ငြိမ်ငြိမ်ကလေး မလှုပ်မယှက်ထိုင်နေသည်။

ကိုယ်ပန်ချင်သော.. နှင်းဆီဝါDonde viven las historias. Descúbrelo ahora