*ကျနော် ကြိုပြောထားချင်တာက ဒီအပိုင်းလေးကို စိတ်အေးအေးနဲ့ ဖြေးဖြေးပဲ ဖတ်ပေးကြပါနော်*
...
မြ.. မြ..
မြဆိုသည့် ဝေါဟာရကလေးဟာ အလွမ်းဓာတ်ခံနွယ်ကြိုးတွေကို ရင်ထဲပွေ့ထားရသည့်အတိုင်း တွေးမိတိုင်း ဆွေးရ.. လွမ်းမိတိုင်း ပမ်းရပါရဲ့။
မြင်တိုင်းရှုသူ အသည်းအေးသည်ဆိုသောစကားမှာ 'မြ' ဟူသည့် စိမ်းရောင်ဖန့်ဖန့်ကျောက်မျက်ရတနာ တစ်မျိုးတည်းအတွက်ပင်လား.. ။ ရတနာခြင်းတူပါလျက် ကိုယ့်ရဲ့ မြဟာဖြင့် အသည်းမအေးလှဘဲ အသည်းပူလေသည်။ ဒါဖြင့် ကိုယ့်ရဲ့မြနှင်းဆီမှာ မစိမ်းဘဲ ဝါ၍လော။ အင်း.. မြများကြားလျှင် တခစ်ခစ်ရယ်လိမ့်မည်။ မရယ်နဲ့ မြ။ ဒါဟာ ပြက်လုံးမမည်ပါဘူးကွယ်။
မြနှင့်ပတ်သက်ပြီး ကိုယ့်နားလည်ခြင်းများမှာ နှင်းဆီဝါတစ်ပွင့်၊ မုန့်ဟင်းခါးတစ်ပွဲစာထက် မပိုခဲ့ပါ။ မြဟာ နွဲနှောင်းကာ သွဲ့ယိမ်းတိုင်း မပျော့ပြောင်းနေပြန်။ ပြုံးမလိုနှင့် နှုတ်ခမ်းများမှာ တင်းမာသွားတတ်သေးသည်။ ငိုတော့မလိုနှင့် ဝဲသည့်မျက်ရည်သည် တစ်ခါတစ်ခါတွင်တော့ အပြုံးကိုချီထားပြန်၏ ။ထိုအစား ကိုယ်သည်သာလျှင် ပစ်ကာလှဲကာ ဝမ်းနည်းရလေသည်။
ဪ မြ..မြ..
မြဟာ လွမ်းချင်စရာပါ...
မြဟာ ငေးကြည့်တွေးကြည့်မိတိုင်း ရင်ခုန်မိဖို့ပင် နှမြောချင်စရာ...မြဟာ ကိုယ်ပန်ချင်သော နှင်းဆီဝါ..
တစ်ဆက်တည်း.. မဆွတ်ရက် မခူးရက်နိုင်ဘဲ ကြွေပဲ့မှာစိုးမိပါသော ပွင့်လွှာတစ်ချပ်ပါ။...
နွေဦး၏ရှေ့ပြေးဖြစ်သော အဆုပ်လိုက် အထွေးလိုက် ရဲနေအောင် ပွင့်နေသည့်ပေါက်ပန်းများ.. ။ ဖေဖော်ဝါရီဟာ ဆောင်းဟုလည်းမဟုတ်ပေမယ့် နွေရယ်လို့လည်းမခေါ်ထိုက်သေး။ ချမ်းစိမ့်စိမ့်အအေးဓာတ်နှင့် နွေဦးလေရူးများ ထွေးလျှက် ဝန်းကျင်တစ်ခွင် ဆော့ပြေးကစားကြသောကာလပင်။ ဥဩငှက် တို့တေးကြူသံများသည် နွေအခါကိုမျှော်ငံ့နေသည်။ ကိုယ်တို့ကျောင်းသားများမှာတော့ မမျှော်ချင်သည့်စာမေးပွဲအတွက် ပြင်ဆင်ကျက်မှတ်စရာရှိတာ ကျက်မှတ်နေရသည်။ ယခုနေများ မြို့မတို့ ၊ဝင်းလိုက်တို့မှာ ရုပ်ရှင်သွားကြည့်တာပဲဖြစ်ဖြစ် လုပ်ချပစ်လိုက်ရင်တော့ ဘယ်လောက်များကောင်းလိမ့်မလဲ။
BINABASA MO ANG
ကိုယ်ပန်ချင်သော.. နှင်းဆီဝါ