တိမ်ညိုတိမ်မည်းများသည် ရွာချမလိုဟန်ပြင်၍ သစ်ရွက်များလည်း လေအခတ်တွင် အပြိုင်းပြိုင်းလွင့်ပျံနေသည်။ ဝေဝါးသောအမြင်အာရုံတွင် ကိုယ်သိပ်ကြောက်သော အိမ်အိုကြီး။ ရေနံချေးဝပြီး ထုထည်ကြီးသောအိမ်ကြီး၏ အရိပ်သည် မိုးသားအုံ့မှိုင်းခြင်းကြီးစိုးကာ ပိုမှောင်မည်းနေသည်။ လျှပ်မိုးကြိုးများ ဝင်းခနဲလက်သွားရင်း မိုးကြိုးပစ်ချသံတို့ကို ခြောက်ခြားဖွယ်ကြားရသည်။ အနားစစုတ်နေသော ဂါဝန်နှင့် ငါးတန်းအရွယ် မိကြည်မက "သရဲလာပြီပြေး..ပြေး.." ဟုသံကုန်ခြစ်အော်ရင်း သူကိုယ်တိုင်လည်း ရှေ့မှ ဇွတ်နှင်းပြေးသည်။ ကိုယ်ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာ အိမ်ကြီး၏အဝေးသို့ အားကုန်ပြေးသည်။ အိမ်ကြီး၏အရိပ်သည် ကြီးသည်ထက်ကြီးပြီး မိကြည်မသည် ဝေးသည်ထက်ဝေးသွားသည် ။ ကိုယ်ပြေးနေရင်း အိမ်အိုကြီးဆီမှ ခေါ်သံတစ်ခုသည် သဲ့သဲ့ချင်း ပျံ့လွင့်လာသည်။ "တိုး.."ဆိုသည့်ခေါ်သံ။ မြအသံ..။ ကိုယ်သိပ်ချစ်တဲ့ အသံကြည်ကြည်လေးမှာ အက်ကွဲသံများရောထွေးထွက်ပေါ်လာသည်။
"တိုး.. မြကိုကယ်ပါ"
ကိုယ်ဟာ ခြောက်ခြားစရာအတိနှင့်အိမ်ကြီးကို တစ်ခေါက်ပြန်လှည့်ကြည့်သည်။ အိမ်ကြီး၏အပေါ်ထပ်ပြတင်းမှ တွေ့ရသောမြဟာ ကူကယ်ရာမဲ့စွာ ရှိုက်ငိုနေသည်။ ကိုယ်ဟာ "မြ.." ဟု ကျယ်လောင်စွာအော်ပြီး ထိုအိမ်ကြီးဆီပြေးသွားသည်။ ထို့နောက် အမှောင်ထုသည် မိမိခန္ဓာကို ဝါးမြိုသွားတော့သည်။ ချစ်ရသောမြကို အမှောင်ထုထဲထပ်မတွေ့တော့။ ကိုယ်အမှောင်ထဲ ဆက်ကာ ဆက်ကာ တိုးဝင်ရင်း မြနာမည်ကိုအော်ခေါ်နေမိသည်။ "မြရေ..ကိုယ်လာပြီ..မြဘယ်မှာလဲ"ဟု ငိုကြွေးအော်ဟစ်နေပြီးနောက် မိမိမျက်လုံးများ ချက်ချင်းပွင့်သွားကာ နှုတ်မှလည်း 'မြ'ဟု အသံထွက်မိသည်။ မြန်ဆန်သောနှလုံးခုန်သံနှင့် အသက်ရှူသံပြင်းပြင်းသည် အခန်းထဲတွင် ထင်ရှားစွာထွက်ပေါ်နေသည်။ အေးစက်သည့်ဥတုရာသီတွင် တစ်ကိုယ်လုံးချွေးများ စိုရွှဲနေသည်။အိပ်မက်ပါ.. အိပ်မက်..။ ဒီလိုအဓိပ္ပာယ်မရှိတာမျိုးက အိပ်မက်ကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာလဲ။ အိပ်မက်တစ်ခုဖြစ်ကြောင်း အကြိမ်အလဲလဲ အတည်ပြုပြီးမှ အသက်ဝဝရှူပြီး စိတ်ငြိမ်သွားစေရန် ကိုယ့်ရင်ဘတ်ကိုယ် လက်နှင့်ဖိထားလိုက်သည်။ စိုစွတ်နေသောပါးပြင်ကိုလက်နဲ့ထိကြည့်သောအခါ.....
အိပ်မက်ထဲကမျက်ရည်များပါလား..။
![](https://img.wattpad.com/cover/309292447-288-k476684.jpg)
YOU ARE READING
ကိုယ်ပန်ချင်သော.. နှင်းဆီဝါ