အခန်း ၇။ အစွဲအလမ်းတွေရဲ့အစ

3.3K 460 3
                                    

"သင်္ကြန်မိုးတွေတောင်ရွာလာပြီပဲ နောက်နှစ်ရက်ဆိုအိမ်ပြန်ရပြီ ငါတို့ ဘဝတွေကလည်းနော် သင်္ကြန်ပိတ်ရက်တောင်မှ သူများလို ရက်ရှည်မဟုတ်ဘူး အလှည့်ကျနဲ့ပြန်နေရတယ် ဟူး"

စာမေးပွဲတွေပြီးသွားပြီဆိုတော့ ကျောင်းတော်ကြီးဟာ ခြောက်သွေ့လို့နေသည်။ သူတို့လို့ လက်တွေ့ဆင်းနေသည့် ကျောင်းသားတွေကတော့ တခြားအငယ်တန်းတွေလို ကျောင်းပိတ်ရက်ဟူ၍မရှိတော့။ သင်္ကြန်ကာလမှာတောင်မှ ဆေးရုံမှာထိုင်နေရသည်။

ကောင်းကင်ထက်ကမဲမှောင်ညို့နေသော တိမ်စိုင်တွေနှင့် ခပ်ဖွဲဖွဲရွာကျနေသော မိုးရေစက်တွေကိုငေးမောနေမိသည်။ သစ်ပင်တွေဟာလည်း အရင်ကလိုခြောက်သွေ့မနေတော့ဘဲ နွေဦးကာလကိုလွန်မြောက်လာသလို ရွက်သစ်တွေနှင့်ဝေဆာစိမ်းလန်းလို့နေသည်။

သူကတော့ အဖန်တလဲလဲ နာကျင်ရသည့် နွေဦးကနေရုန်းမထွက်နိုင်။ မထွက်ခဲ့ချင်သလို ထွက်ဖို့လည်း ခွင့်မပြုနိုင်ခဲ့။ ဘယ်လောက်ပဲနာကျင်ရပါစေ အစ်မဆိုတဲ့နွေးထွေးမှုသဲ့သဲ့ဟာ နာကျင်ရတာနဲ့တန်အောင် စေခိုင်းနိုင်စွမ်းရှိသည်။

အစ်မနှင့်ပြန်လည်တွေ့ဆုံခဲ့တာဟာ ရက်ပေါင်းအတော်ကြာခဲ့ပြီဆိုပေမဲ့လို့ သူ့စိတ်ထဲမှာချက်ချင်းဖြစ်ပျက်နေသလို အဖြစ်အပျက်တို့ကအမြဲစိတ်ထဲရောက်လို့နေသည်။

အစ်မလို့ဝမ်းသာအားရခေါ်ချင်ပြီး ပွေ့ဖက်ကာ အရင်လို ခေါင်းတိုးဝင်ချင်မိခဲ့ပေမဲ့ သာမန်ဆန်လွန်းသော အကြည့်တွေနှင့် အစ်မရဲ့ဘေးမှာဆွဲကိုင်ထားသော လက်တစ်စုံကြောင့် ကျောက်ရုပ်တစ်ခုလို သူဆွံ့အကျန်ခဲ့ရသည်။
အေးစက်နေသည့်ပတ်ဝန်းကျင်ကတောင် သူ့နှလုံးသားထဲကအပူတွေကိုမငြိမ်းပေးနိုင်ခဲ့။
ဒီရက်ပိုင်းတွေမှာ သူ့အတွက်အရာရာဟာသံပတ်ပေးထားသလိုမျိုးပဲ လုပ်တာလုပ်နေရပေမဲ့ ဘာတွေလုပ်နေသည်ဆိုတာ သူမသိသလို အရာရာအားလုံးဟာ အသက်မဲ့လို့နေသည်။

ဘယ်တုန်းကမှယောင်လို့တောင်မတွေးခဲ့ဖူးသည့် အစ်မဘေးကတစ်စုံတစ်ယောက်အကြောင်းကို သူထည့်တွက်ခဲ့ဖို့မေ့လျော့သွားသည်။ အစ်မအပေါ်ထားခဲ့သည့် သူ့ချစ်ခြင်းတွေကို သူလျော့တွက်လိုက်မိလေသလား။ ဒါမှမဟုတ် ဖြစ်နိုင်ချေရှိသည့်အတွေးကို တွေးရမှာကြောက်လို့ သူမတွေးခဲ့လေသလား။ ဒါမှမဟုတ် အစ်မအပေါ်ယုံကြည်ချက်ပြင်းထန်လွန်းနေခဲ့လား။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးNơi câu chuyện tồn tại. Hãy khám phá bây giờ