ခရီးသွားလုပ်ငန်းတွေတွင်ကျယ်လာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းလာတဲ့ခေတ်မှာ ကားလမ်းကိုအသုံးပြုသူဟာ မီးရထားလမ်းကိုသုံးတဲ့သူထက်ကို ပိုများလာသည်။ လိုရာခရီးကိုမြန်မြန်ရောက်တာကြောင့်လည်းပါပါလိမ့်မယ်။
ဘူတာတစ်ခုလုံးဆေးနီသုတ်ထားတဲ့လက်ရာဟာ ခေတ်ဟောင်းရဲ့အငွေ့အသက်ကိုပိုပေါ်လွင်စေသလိုပဲ။ များသောအားဖြင့် ဘူတာတွေလိုအစိုးရပိုင်အဆောက်အဦးတွေဟာ အဝါနဲ့အစိမ်းကိုပဲသုတ်လေ့ရှိကြတာကိုး။ တောင်ပေါ်မြို့လေးရဲ့ဘူတာကတော့ ဆေးနီသုတ်ထားသလို အမိုးတွေကအစ နံရံတွေကိုလည်း အုတ်ကွတ်ပုံစံဖော်ထားပြီး အနီရောင်သုတ်ထားတာဟာ အရင်က ကိုလိုနီခေတ်ရဲ့လွှမ်းမိုးမှုကိုပြနေသလိုပါပဲ။
အရင်ခေတ်တွေနဲ့မတူဘဲ ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်နေတဲ့ခေတ်မှာ ရထားပို့ဆောင်ရေးကိုအသုံးပြုသူဟာ ရှားပါးလို့နေတယ်။ ဘူတာအတွင်းမှာလည်း လေးငါးယောက်သော သူကလွဲရင် တိတ်ဆိတ်လို့နေတယ်။ ရထားဆိုက်ရင်တော့ခရီးသည်တွေစည်ကောင်းပါတယ်။ ဒီမြို့ကလေးရဲ့ ရထားလမ်းကနေ နာမည်ကျော်ဂုတ်ထိပ်တံတားကိုသွားလို့ရတာကိုး။ ညနေခင်းမို့လူအနည်းငယ်ရှင်းနေတာလည်းဖြစ်နိုင်ပါတယ်။
ခုံတန်းရဲ့ဘယ်ညာမှာထိုင်နေကြပေမဲ့လို့ သူရောအစ်မရော စကားမပြောဖြစ်ခဲ့ကြဘူး။ သက်သောင့်သက်သာထိုင်နေတဲ့အစ်မရဲ့ပုံစံကြည့်ရတာဟာ လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ကျောပိုးအိတ်အသေးလေးနဲ့ ရေဘူးကလွဲရင် ဘာမှမပါဘူးလေ။ ပစ္စည်းတွေကိုတော့ ရန်ကုန်အထိကားနဲ့တင်ပေးလိုက်ပြီလို့ပြောတာပဲ။
ဘူတာအတွင်းကနေ သံချောင်းခေါက်သံကိုကြားရတယ်။ ရင်းနှီးနေတဲ့ဒီအသံဟာမကြာခင်မှာ ရထားလာတော့မယ်ဆိုတာကို အချက်ပေးလို့နေတယ်။ နာရီကိုကြည့်လိုက်တော့ လေးနာရီထိုးဖို့ဆယ့်ငါးမိနစ်အလို။
"အချိန်မှန်သားပဲ ငယ်ငယ်တုန်းကဆို အမြဲနောက်ကျနေတာလေ ငါးနာရီဆို ခြောက်နာရီကျော်မှရောက်တာမျိုး"
စကားစရှာတာမျိုးမဟုတ်ပေမဲ့ သူပြောထွက်သွားမိတယ်။ ညီညာနေတဲ့သွားဖြူဖြူတွေပေါ်အောင် အစ်မကသူ့ကိုရယ်ပြတယ်။ ပြီးတော့ ကျောပိုးအိတ်သေးသေးကိုဖွင့်လိုက်ပြီး တစ်ခုခုကိုဆွဲထုတ်လိုက်တယ်။
YOU ARE READING
အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေး
Romanceအစ်မသည် အဝါရောင်လေးဖြစ်သည်။ အစ်မသည် ပျော်ရွှင်မှုရဲ့သင်္ကေတဖြစ်သလို နွေးထွေးမှုတစ်စိတ်တစ်ပိုင်းလဲဖြစ်သည်။ တိမ်ဆိုင်တွေလို နူးညံ့ပြီး ကောင်းကင်ပေါ်မှာတည်ရှိသော အဝါရောင်ပျော်ရွှင်မှုလေးသည် အစ်မဖြစ်သည်။