အခန်း ၂၂။ လမ်းခွဲရာသီ

3.2K 493 73
                                    

ထင်းရှူးတောထဲမှာ နွေဦးလေပြည်တွေကြောင့် လေတိုးဝှေ့သံရယ်၊ မလှမ်းမကမ်းက ဓာတ်ပုံရိုက်နေကြသော ခပ်ငယ်ငယ် လူငယ်အုပ်စုရဲ့ရယ်သံတွေရယ်၊ ခြောက်သွေ့နေသော သစ်ကိုင်းခြောက်တွေကိုနင်းမိလို့ထွက်လာသော အသံကလွဲရင် တိတ်ဆိတ်လို့။

သူ့ကိုတွေဝေညို့မှိုင်းစွာကြည့်နေသော အစ်မဟာလည်းတိတ်ဆိတ်လို့။ သူစကားပြောချင်ပေမဲ့လည်း လည်ချောင်းဝမှာ ဆို့နင်နေသလိုမျိုး စကားတွေကမထွက်။ အစ်မရဲ့တုံ့ပြန်မှုကိုကြောက်ရွံစွာ တုန်ရီနေသော လက်တွေကို အနောက်ကိုပစ်ကာဖွက်ထားမိသည်။

"ပူတူး အစ်မလေ အကြောက်ဆုံးအရာတစ်ခုရှိတယ်"

အစ်မကိုသူငေးကြည့်လိုက်သည်။ အစ်မရဲ့လေးနက်နေသည့်စကားသံတွေဟာ သူ့ကိုတုန်လှုပ်စေသည်။ သူ့ကိုလေးလေးနက်နက်ကြည့်နေသော အစ်မရဲ့အကြည့်တွေကို သူနားလည်ဖို့ကြိုးစားနေပေမဲ့လို့ သူနားမလည်ခဲ့။

"ပူတူးဆီကနေ အဲ့ဒီစကားကြားရမှာကိုအကြောက်ဆုံးပဲ အစ်မမကြားခဲ့ဘူးလို့ သတ်မှတ်လိုက်မယ်"

သူငိုချင်လာသည်။ မျက်ရည်တွေကျမလာအောင် မျက်တောင်တွေကိုခပ်မြန်မြန်ခပ်လိုက်သည်။ တုန်ရီနေသောအသံဟာ လည်ချောင်းထဲကနေထွက်ပေါ်လာပြီး အစ်မကိုမေးလိုက်မိသည်။

"ဘာလို့လဲ"

"အစ်မဘဝမှာ အမုန်းဆုံးအရာကဘာလဲဆိုတာ ပူတူးရိပ်မိမှာပါ အစ်မလေ သစ္စာဖောက်ရတာကိုအရမ်းမုန်းတယ် အစ်မကိုယ်တိုင်လည်း ဘယ်တော့မှမလုပ်ဘူးလို့ အစ်မကျိန်ဆိုထားခဲ့ပြီးသား အဲ့ဒီစကားကိုပူတူးဘယ်တော့မှမပြောခဲ့ဘူးလို့ အစ်မသဘောထားလိုက်မယ် ပူတူးဘက်ကလည်း ပြန်ရုတ်သိမ်းလိုက်ပါ အစ်မတို့ဆက်ဆံရေးကိုပုံစံမကျတဲ့ ဆက်ဆံရေးမျိုးမဖြစ်ချင်ဘူး"

"ဘာမှားလို့လဲ အစ်မကိုချစ်မိတာဘာမှားလို့လဲ မရုတ်သိမ်းခိုင်းပါနဲ့ ဒီစကားကိုပြောဖို့ ဘယ်လောက်ထိ သတ္တိမွေးထားရတယ်ဆိုတာအစ်မသိလို့လား အစ်မကိုနှစ်ပေါင်းများစွာ ဘယ်လောက်ထိလိုက်ရှာခဲ့တယ်ဆိုတာ အစ်မသိလို့လား"

"ပူတူး.. အစ်မပြောတာနားထောင်ပါ.. ဒီလောက်နဲ့တော်ကြရအောင် အစ်မရဲ့ဆုံးဖြတ်ချက်တွေကိုယိုင်နဲ့သွားအောင် မလုပ်ပါနဲ့"

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now