အခန်း ၁၀။ အတိတ်သည်လှပ၏၊ သို့သော်...

3.1K 440 7
                                    

သင်္ကြန်ကာလများလွန်မြောက်တော့ အလကားနေလို့မရသည့် လူ့ဘဝဆိုတော့ ရှင်သန်ဖို့အကြောင်းအရင်းဖြစ်လာမည့် ကျောင်း၊ အလုပ်ကိုပြန်သွားရသည်။ အပြန်လမ်းမှာတော့ အစ်မနဲ့သူနဲ့ရေစက်မဆုံခဲ့ပါ။ သူသည်လည်း သူ့လမ်းသူသွားရသလို အစ်မဟာလည်း ဒီတိုင်းသတိတရရှိနေရုံသပ်သပ်လိုပါပဲ။

ဒီတစ်နှစ်ကုန်ခါနီးရင် ဘွဲ့ရတော့မည်ဆိုတော့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကိုဝင်ရောက်ကာ စားဝတ်နေရေးအတွက် လုံးပန်းကြရတော့မည်။ အလုပ်လုပ်နေသည့်အချိန်တွေဟာ အကုန်မြန်ပါသည်။ အနည်းဆုံးတော့ အလုပ်တွေအရမ်းများလွန်းသည့်အခါ အစ်မကိုအနည်းငယ်တော့ သတိမရနိုင်ဘူးလေ။

ကျောင်းရှေ့နှင့်ကျောင်းဝင်းထဲက စိန်ပန်းတွေလည်း ရဲရဲနီအောင်ပွင့်နေပြီဖြစ်သလို မိုးဦးကာလကိုလည်း ရာသီကကူးပြောင်းလာသည်။ ကိုယ့်ကိုယ်ကိုယ် အလုပ်တွေများအောင်လုပ်ထားရင် အစ်မကို သတိမရဘူးဟုထင်သယောက်ယောင်ရှိခဲ့ပေမဲ့ ရေးသားမည့်ဒိုင်ယာရီကိုဖွင့်လိုက်တိုင်း အစ်မအကြောင်းကသာနေရာယူသည်။

ငယ်သူငယ်ချင်းဖြစ်သူနှင့် တစ်ခါတစ်လေ စကားပြောမိကြတော့ သူတို့နှစ်ယောက်အဆင်ပြေကြောင်းကိုသိရသည်။ မနာလိုတာနဲ့ဝမ်းနည်းမိတာက သပ်သပ်ဆိုပေမဲ့လို့ အစ်မရဲ့ပျော်ရွှင်မှုကို သူတကယ်ဂုဏ်ယူသလို အမြဲပျော်စေချင်ပါသည်။ အစ်မနဲ့အတူတူရှိသောသူမှာလည်း မပျော်ဘဲ ဘယ်နေရမှာမည်နည်း။ အစ်မဟာ လူတစ်ယောက်အပေါ်ဘယ်လောက်နွေးထွေးတယ်၊ ဘယ်လောက်ကြင်နာတတ်တယ်ဆိုတာ သူအသိဆုံးပါပဲလေ။

နွေကာလတွေတစ်လျောက်လုံးတိတ်ဆိတ်ခဲ့သော တက္ကသိုလ်ဟာ အခုချိန်မှာတော့ ကျောင်းသားကျောင်းသူပေါင်းများသွာဖြင့် ပြန်လည်စည်ကားလို့နေသည်။ အချိန်တစ်ခုကျလာရင် သူတို့လည်းဒီနေရာကနေထွက်ခွါရအုန်းမည်။ အသစ်တွေတစ်ဖန်ရောက်လာမည်။ ဒါပေမဲ့ကျောင်းကြီးကတော့ မပြောင်းမလဲအရင်အတိုင်း ရှိသည်။

တစ်ချိန်ကနယ်မြို့လေးကိုလွမ်းမိသည်။ အစ်မရောက်လာသည်။ အစ်မထွက်သွားသည်။ သူလည်းပဲအချိန်တန်တော့ အမှတ်တရတွေကိုနယ်မြို့လေးမှာထားရစ်ခဲ့ရသည်။ အစ်မနဲ့သူရဲ့အမှတ်တရတွေဟာ တစ်ချိန်မှာပြန်ပြောပြဖို့ ပုံပြင်တစ်ပုဒ်သာဖြစ်သွားသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now