ငယ်သူငယ်ချင်းဖြစ်သူက ဖုန်းဆက်လာသည်။ သူ့ချစ်သူရဲ့မွေးနေ့မို့လို့ တွေ့ကြဖို့ရှိရာ သူတို့ဘက်ကိုလည်းရောက်မည်ဆိုတော့ မုန့်ကျွေးချင်သည်ဟုဆိုသည်။ ပြက္ခဒိန်ကို သူကြည့်လိုက်မိသည်။ ဇွန်လ ၃၀ ရက်နေ့ကိုတွေ့ရသည်။ ရှိသမျှအလုပ်တွေ၊ စာတွေကြားမှာ သူ့ကိုယ်သူနစ်မြှုပ်ထားခဲ့တာ လပိုင်းလောက်ရှိပြီဖြစ်သည်။
အရမ်းကြိုးစားနေသည်ဟုမြင်နိုင်ပေမဲ့လည်း တကယ်က အစ်မကိုသတိမရဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အလုပ်ပေးနေမိခြင်းသာ။ ဒါတောင်မှ ပင်ပန်းနေသည့်ကြားက အစ်မရေလို့ ခပ်တိုးတိုးညီးတွားမိတုန်း။တွေ့ကြမည်ဟု ကတိပေးလိုက်သည်။ သတိမရအောင်ကြိုးစားနေပေမဲ့လို့ တကယ်တမ်းကြတော့ မတွေ့ဘဲမှသူမနေနိုင်ဘဲ။ အစ်မပျော်နေတာကို တစ်ခဏလောက်ဖြစ်ဖြစ် သူကြည့်ချင်မိသေးတယ်လေ။ ပျော်ရွှင်ခြင်းလေးကို သူကြည့်ချင်မိသေးသည်လေ။
တကယ်တမ်းတွေ့ဖြစ်ကြတော့ ခါတိုင်းလိုလက်ဖက်ရည်ဆိုင်မှာပါပဲ။ တခြားနေရာသွားဖို့အတွက်လည်းမစဉ်းစားမိသလို လက်ဖက်ရည်ဆိုင်ကလည်း အစုံရနေသည့်အတွက် ဝေးဝေးလံလံလည်းသွားမနေတော့ပေ။
သူငယ်ချင်းဖြစ်သူနှင့် သူနှင့်အရင်ရောက်ဖြစ်နေတော့ ထိုင်နေကျထောင့်ကိုပဲရွေးလိုက်သည်။ အအေးတစ်ဗူးစီမှာရင်း အစ်မကိုစောင့်မျှော်နေမိနေသလို လမ်းမဖက်ကို သူအကြည့်မလွှဲနိုင်။ စောင့်ဆိုင်းရခြင်းတွေဟာ အကျွမ်းဝင်နေသည့်အလား။
သိပ်တော့မစောင့်ရပါဘူး။ အစ်မကအစကတည်းက အချိန်တိကျသူဖြစ်သည်လေ။ သူတို့ရောက်ပြီးခဏအကြာမှာပဲ အစ်မတို့ရောက်လာတာပင်။ လမ်းမဘက်ကိုမျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူကတော့ အစ်မတို့နှစ်ယောက်အတူတူဆိုင်ကယ်စီးလာတာ၊ ငယ်သူငယ်ချင်းရဲ့ ဆိုင်ကယ်ဦးထုတ်ကို ညင်ညင်သာသာချွတ်ပေးနေတာ၊ ပစ္စည်းတွေကိုလက်လွှဲသယ်ယူပေးတာ လက်တွေကိုဆုပ်ကိုင်လိုက်တာကအစပေါ့ မြင်တွေ့ရသည်။ မလွှဲဖယ်မိသည့်အကြည့်တွေဟာ ရင်နာရတဲ့အကြောင်းအရင်းပါပဲ။
အစ်မပျော်ရွှင်နေတာပါပဲ။ ငယ်သူငယ်ချင်းကိုကြည့်နေသည့် အစ်မရဲ့အကြည့်တွေက သူငယ်ငယ်မြင်ဖူးနေကျ အပြုံးတွေကိုတွေ့နေရသလို အရမ်းကိုနူးညံ့လွန်းနေသည်။ အပြုံးနုနုလေးတွေမှာ နှစ်လိုခြင်းတွေပါဝင်နေပြီး ရင့်ကျက်နေပြီဖြစ်သည့်အသွင်အပြင်ကိုတောင် ပျောက်ဆုံးစေသည်။
KAMU SEDANG MEMBACA
အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေး
Romansaအစ်မသည် အဝါရောင်လေးဖြစ်သည်။ အစ်မသည် ပျော်ရွှင်မှုရဲ့သင်္ကေတဖြစ်သလို နွေးထွေးမှုတစ်စိတ်တစ်ပိုင်းလဲဖြစ်သည်။ တိမ်ဆိုင်တွေလို နူးညံ့ပြီး ကောင်းကင်ပေါ်မှာတည်ရှိသော အဝါရောင်ပျော်ရွှင်မှုလေးသည် အစ်မဖြစ်သည်။