[UNI]
"လူတွေထပ်လွှတ်ထားပါတယ်"
ချည်ကြိုးဖြင့်ချုပ်ထားသော်ငြား ပတ်တီးနေရာတစ်ဝိုက်နားတွင် သွေးစိမ့်ထွက်နေသေးသော ရှောင်းကျန့်၏သွေးများကို ရေစိုဝတ်ဖြင့်ပွတ်သုတ်ပေးနေသော ဝမ်ရိချန်သည် စကားပြန်မပြောသေးသည်ကြောင့် ရှောင်းကျန့်လဲလျောင်းနေသော၊ ပိတ်စဖြူလိုက်ကာ ကာရံထားသည့်အခန်း၏ တစ်ဖက်ကနေမှ အကြောင်းစုံရှင်းပြပြီးသည့်ရဲမက်မှာ နှုတ်ဆိတ်၍သာစောင့်နေရသည်။
ဝမ်ရိပေါ်ထွက်သွားသည်နှင့် သတိလစ်သွားသော ရှောင်းကျန့်ကြောင့် သူ့သရုပ်ဆောင်မှုများအားရပ်၍ ရှောင်းကျန့်အားပြေးထူကာ နန်းတော်ဆီခေါ်လာရသည်။ ရှောင်းကျန့်အသက်မရှင်လျှင် နန်းတွင်းသမားတော်အားလုံးကို သတ်ပစ်မည်ဟုလည်းခြိမ်းခြောက်ခဲ့၍ သမားတော်များရုတ်ရုတ်သည်းသည်းဖြစ်ကာ ဇောချွေးပြန်ခဲ့ကြသေးသည်။
ရှောင်းကျန့်အား ဓါးနှင့်ထိုးမိသည့်ရဲမက်သည် ကြိုးတုတ်၊ ပါးစပ်ပိတ်၍ ဝမ်ရိချန်၏အဆောင်ထဲရောက်သွားချိန်ကတည်းက အစပင်မမြင်ရတော့ပေ။ လည်လှီး၍ပဲသတ်လိုက်သည်လား။ တစ်စစီခုတ်ထစ်၍ မီးပဲရှို့လိုက်လေသလားအား ဝမ်ရိချန်သာသိပေလိမ့်မည်။
ဝမ်ဘုရင်ကြီးသည် ဝမ်ရိပေါ်ဒဏ်ရာတွေနှင့်ပျောက်သွားကြောင်းသိသည့်အခါ ရဲမက်များအားစေလွှတ်၍ မြေလှန်ရှာစေသည်။ ဝမ်ရိပေါ်၏မယ်မယ်သည်ကား ကြားကြားချင်းပင်မူးမေ့လဲသွားလေသည်။
ဝမ်ရိချန်မှာ သူစခဲ့သည့်ဇာတ်မဟုတ်သော်လည်း မိခင်ကိုယ်တိုင်ခင်းပေးသည့်လမ်းဖြစ်၍ ကျော့ကျော့မော့မော့လျှောက်လှမ်းရန်သာဖြစ်သည်။ အပိုလက်ဆောင်အဖြစ် သူ့ရှစ်စွမ်းအားသိမ်းပိုက်လိုက်ရုံပင်။
"မနက်ဖြန် အဲ့ရေတံခွန်ကိုလူခွဲပြီးသေချာအတည်သွားပြု။ အလောင်းရလာရင်ပိုကောင်းတယ်"
"အမိန့်တော်အတိုင်းပါ"
ရဲမက်ထွက်သွားသည်နှင့် အဖြူရောင်အိပ်ယာထက်၌ မေ့မျောလျက် လဲလျောင်းနေသော ရှောင်းကျန့်ဆီ အာရုံပြန်ထားလိုက်သည်။ မျက်လုံးမှိတ်ထားသည့်တိုင် မျက်ခွံလေးတွေကအစကြည့်ကောင်းနေကာ အပြစ်အနာအဆာဟူ၍လည်း တစ်စိုးတစ်စိမျှပင်မရှိသည်ကြောင့် ကြည့်လေရှုမဝလေဖြစ်သည်။
YOU ARE READING
Lord of Kings [Completed]
Fanfiction||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.