[UNI]
ဝမ်ရိပေါ်သည် ရှောင်းကျန့်လက်ထဲမှအသားတုံးအားဆွဲယူကာ ခင်းကျင်းထားသော သစ်ရွက်တွေအပေါ်ပြန်ချပြီး မဲနေသောအပေါ်ပိုင်းတို့ကို ပယ်ပယ်နယ်နယ်ဆွဲခွာလေသည်။
ထို့နောက်အတွင်းသားရဲရဲလေးဖြစ်နေသော အသားဖက်တို့ကို သစ်တုံးအပြားလေးပေါ်အစီအရီတင်ကာ ရှောင်းကျန့်အားကမ်းပေးလာသည်။ ရှောင်းကျန့်မှာ ဝမ်ရိပေါ် ထိုသို့လုပ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
မျက်လုံးအမူအရာဖြင့်သာ ယူဖို့ပြောနေသည်မို့ ရှောင်းကျန့်တွေဝေမနေတော့ဘဲ လှမ်းယူလိုက်သည်။ ထို့နောက်ဝမ်ရိပေါ်ဆီအကြည့်ပြန်ပို့လိုက်၏။ ဝမ်ရိပေါ်သည် အသားတုံးကို မဲသည်၊ ဖြူသည်ဂရုစိုက်ပုံမပေါ်ပေ။ လက်နှင့်ကိုင်၍သာ သွားဖြင့်ကိုက်ဖဲ့စားနေသည်။
ရှောင်းကျန့် သူ့လက်ထဲကသစ်တုံးပြားပေါ်မှ အသားဖက်တွေဆီအကြည့်ပြန်ပို့သည်။ သေးသေးလေးတွေဖဲ့ပေးထားသော နီဆွေးဆွေးအသားဖက်ကလေးတွေကိုယူကာ တစ်ကိုက်ဖဲ့စားလိုက်သည်။ မည်သည့်အရသာမှထည့်မထားဘဲ ဒီအတိုင်းကင်ထားသည်မို့ ဘာအရသာရယ်လို့တော့ သူမပြောတတ်။ နူးညံ့ပြီး စားလို့တော့ကောင်းပါသည်။
ဤသည်ကိုမြင်တော့ ဝမ်ရိပေါ်က မသိမသာပြုံးသည်။ သိသိသာသာကိုမြင်နေရသော မောင်နှမနှစ်ယောက်ကတော့ နားမလည်၊ လိုက်မမှီသော မျက်ဝန်းတို့ဖြင့် ပါးစပ်ကလည်း အသားကိုအဝါးမပျက်ဘဲ မျက်လုံးကစားကာကြည့်နေကြသည်။ ထိုသို့ဖြင့် စားသောက်ခြင်းပြီးသွားပြန်သည်။
ခင်းကျင်းထားသည်များကို ရှင်းလင်းကာ အသီးသီးထသွားသူတို့ကြောင့် ရှောင်းကျန့်မှာ ငုတ်တုတ်လေးသာငေးရသည်။ မနက်ခင်းအချိန်၏ ဗိုက်ဖြည့်ခြင်းပြီးသွားလျှင် တစ်နေ့တာအတွက် ဘာဆက်လုပ်ရမည်ကို ပထမဆုံးရက်ဖြစ်၍ ရှောင်းကျန့်မသိ။
ယန်က မီးမစွဲသေးသောထင်းများကောက်ကာ ထွက်သွားပြီဖြစ်ပြီး ကျားလုံကလည်းသစ်ရွက်ခြောက်တွေကို လက်ဖြင့်သိမ်းကျုံးယူကာထွက်သွားပြီဖြစ်သည်။ တစ်နေရာတွင် သွားပုံဖို့ထင်ပါ၏။ ခက်သည်က သူယခုထိ ဘာဝိုင်းလုပ်ပေးရမည်မှန်းလည်းမသိပေ။ ထိုအတိုင်း ငုတ်တုတ်ကလေးသာ။
YOU ARE READING
Lord of Kings [Completed]
Fanfiction||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.