*CHAPTER-6*

4 0 0
                                    

ရာသီဥတု သာယာနေပြီး လေတဖြူးဖြူးတိုက်နေတဲ့ ပုံမှန်နေ့လယ်ခင်းတစ်ခုမှာ မဟော် ဂေဟာကြီး တည်ရှိတဲ့ ခြံ၀င်းကျယ်ကြီးတွင် ကလေးများ ဟိုတစ်စု ဒီတစ်စု နှင့်အလုပ်ရှုပ်နေကြသည်။ ကလေးတွေသာမကဘဲ ဦးမင်းမဟော်နှင့်အတူ ဂေဟာ၀န်ထမ်းအားလုံးလည်း ဟိုပြေး ဒီပြေးနှင့် အလုပ်ရှုပ်နေကြသည်။

အလုပ်ရှုပ်နေရသည့် အကြောင်းအရင်းကတော့ တခြားမဟုတ် ယနေ့က မဟော် ဂေဟာကြီး တည်ထောင်တာ ခုနစ်နှစ်ပြည့်တဲ့နေ့ပင် ဖြစ်သည်။ ခြံ၀န်းကြီးထဲမှာ ဂေဟာကို ထောက်ပံ့လှူဒါန်းသူတွေနှင့်ပြည့်နှက်နေကာ ဦးမင်းမဟော်မှာလည်း ဧည့်သည် လူအယောက်စိပင် လိုက်မနှုတ်ဆက်နိုင်ဖြစ်နေရသည်။

"ဘာလိုလိုနဲ့ ဂေဟာကြီး တည်ထောင်တာ ၇နှစ်တောင်ပြည့်သွားပြီနော် ဆရာကြီး"

"ဟုတ်ပါ့ဗျာ မျက်စိတစ်မှိတ်လေးအတွင်းပဲ"

"ဒါနဲ့ ဆရာကြီးမြေးလေးတောင် ဒီနှစ် ၈နှစ်ထဲမှာမလား?"

"ဟုတ်တယ် မြေးလေးက ဒီနှစ် ၈နှစ်ပြည့်မှာ"

"မဟော်လေးကို မတွေ့ရတာတောင်ကြာပြီ‌ဗျာ..ဘာများရောက်နေတာတုန်း?"

"အသွေးက ခုနလေးတင် ဒီနားမှာရှိနေသေးတာ...အခု သူ့အပေါင်းအဖော်တွေနဲ့ သွားဆော့နေပြီ ထင်ပါရဲ့..ကလေးတွေက သူတို့အတွက် လုပ်ပေးထားတဲ့ အထူးအစီအစဉ်အတွက် စိတ်လှုပ်ရှားနေကြတာ..အသွေးလည်း ထိုနည်းအတူပဲပေါ့ဗျာ"

"ဘာအစီအစဉ်မလို့လဲ ဆရာကြီး"

"‌ထွေထွေထူးထူးတော့ မဟုတ်ပါဘူး....."

အသွေး ဧည့်သည်တွေနဲ့ စကားပြောနေတဲ့ ဖိုးဖိုးကို သစ်ပင်နောက်ကနေ ကွယ်ပြီး ကြည့်နေမိသည်။ လက်ထဲက ကိုင်ထားတဲ့ စက္ကူလေယာဉ်ပျံကိုလည်း ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်နေမိပြီး ဝေခွဲရခက်နေ၏။

ဖိုးဖိုးက မနက်တုန်းက ဟောခန်းထဲကို  ဂေဟာက ကလေးတိုင်းကို စုခိုင်းကာ ဒီနေ့ပွဲမှာပါ၀င်တဲ့ အထူးအစီအစဉ်တစ်ခုကို ပြောပြခဲ့သည်။ အဲ့တာကတော့ စက္ကူလေယာဉ်ပျံတစ်ခုခေါက်ပြီး အဲ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကိုရေးရမယ်တဲ့။ ပြီးရင်တော့ အားလုံးနဲ့အတူတူ စက္ကူလေယာဉ်ပျံကို ပစ်လွှတ်ကြမည်လို့ ပြော၏။

PROMISEWhere stories live. Discover now