*CHAPTER-8*

5 0 0
                                    

ဒီနေ့တော့ အသွေးတစ်ယောက် မနက်အစောကြီး နိုးနေမိတော့သည်။ အိမ်မှာလည်း ဟင်းချက်စရာ အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေ မရှိတော့တာတစ်ကြောင်း ဟိုဟိုဒီဒီလေး လျှောက်ပတ်ကြည့်ဖို့ အတွက် အသွေး အနီးနားက ဈေး၀ယ်စင်တာကို လမ်းလျှောက်ထွက်လာခဲ့တော့သည်။

အကြာကြီးနေမှ စိတ်လွတ်ကိုယ်လွယ် လမ်း‌လျှောက်ရခြင်းဖြစ်သည်။ အသွေးရဲ့နေ့ရက်တိုင်းက မနက်ထ အလုပ်သွား အလုပ်ပြန် အိမ်ရောက်ရင် ပင်ပန်းပြီး အိပ်ပျော်သွားတာနှင့် ခေါက်ရိုးကျိုးနေခဲ့တော့သည်။

မိုးရွာပြီးခါစ လတ်လတ်ဆတ်ဆတ်လေကို ရှူရှိုက်ရင်း ရင်ဘတ်ထဲက ခါးသီးမှုတစ်ချို့ကို ဖျောက်ဖျက်ဖို့ ကြိုးစားမိ၏။

စင်တာကိုရောက်တော့ လိုတဲ့ပစ္စည်းတွေကို အိမ်ကယူလာတဲ့စာရင်းအတိုင်း၀ယ်ပြီး ပြန်ထွက်လာခဲ့သည်။ပြန်ထွက်လာတော့ စင်တာရဲ့ မျက်စောင်းထိုးက ဆိုင်လေးတစ်ဆိုင်က အသွေးရဲ့ အာရုံစိုက်မှုကို ရရှိသွားတော့သည်။

ဆိုင်ကတော့ အခြားဟာမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လေးတွေ ရောင်းသည့်ဆိုင်ဖြစ်သည်။ ငယ်ငယ်လေးကတည်းက တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့အသွေးက မသိလိုက်ခင်မှာဘဲ ခြေလှမ်းတွေကို ဆိုင်ဘက်ကို ဦးတည်ကာ ဆိုင်ထဲသို့ ရောက်သွားတော့သည်။

ဆိုင်မှာက ခွေးလေးတွေ ‌ကြောင်လေးတွေအပြင် ငှက်ကလေးတွေပါ ရှိ၏။ လျှောက်ပတ်ကြည့်ရင်း ဆိုင်ရဲ့ ‌ထောင့်တစ်နေရာကို ရောက်တဲ့အချိန်မှာတော့ အ‌သွေးရဲ့ ခြေလှမ်းတို့ရပ်တန့်သွားတော့သည်။ရေကန်ထဲမှာ ဟိုဘက်ဒီဘက် ကူးလူးသွားလာနေတဲ့ ရွှေငါးလေးရဲ့ ပုံစံက အတော့်ကိုပင် လှကာ အသက်ရှူမှားချင်စရာပင်။

အသွေးတစ်ယောက်တည်း ထိုကဲ့သို့ ထင်တာ မဟုတ်ဘူးဆိုတာကို ဘေးနားမှာ ရွှေငါးလေးကိုစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကောင်ကလေးက သက်သေပင်ဖြစ်သည်။ ခဏနေတော့ အဲ့ကလေးက ပြေးထွက်သွားပြီး သူ့အမေကို လက်ဆွဲကာ ပြန်ရောက်လာတော့သည်။ ပြီးတော့ ‌ငါးလေးကို ၀ယ်ပေးဖို့ ဂျီကျပူဆာတော့သည်။

အမေဖြစ်သူကတော့ အခုက ကြောင်လေးတစ်ကောင် အိမ်မှာရှိတာမလို့ ၀ယ်ဖို့ မဖြစ်နိုင်ကြောင်း အကြောင်းပြချက်မျိုးစုံဖြင့်အခေါက်ခေါက်အခါခါ ပြောကာ သားဖြစ်သူကို ချော့မြူနားချ‌နေတော့သည်။

PROMISEWhere stories live. Discover now