နောက်တစ်နေ့ သတင်းစာမှာတော့ အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းတစ်ခု နေရာယူနေတော့သည်။
"စကားနားမထောင်တာနဲ့ပဲ အမွေပြတ်စွန့်လွှတ်ရသလား လူတွေများ အံ့ပါရဲ့"
ဒီဒေါကြီးမောကြီးပြောနေသံဟာ ဘယ်သူဆိုတာကို မော့မကြည့်ဘဲနဲ့တောင် ကောင်းကင်ယံသိနေပါပြီ။ နွေးရဲ့အသံကျယ်ကျယ်ကြောင့် အနှောက်အယှက်ဖြစ်သွားမယ့် ကျောင်းသားတွေလည်းရှိမနေ၍ ထိုပေါက်ကွဲမှုကို ကောင်းကင်ယံတားမနေတော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ရောက်နေတဲ့နေရာက စာကြည့်တိုက်မဟုတ်ဘဲ ကျောင်းကန်တင်းတစ်နေရာဖြစ်နေခြင်းကြောင့်ပင်။
"မင်းနဲ့မယူလို့တဲ့လား"
"မဟုတ်ဘူး ငါမဟုတ်ရင်တောင် သူတို့ချမ်းသာမှုနဲ့ အဆင့်တူတဲ့အသိုင်းအဝိုင်းက မိန်းကလေးတွေမှ အများကြီး"
"ဒါဆို ဘာလို့လဲ"
"အဲ့တာက ကိုမင်းက ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတာမလို့"
ကောင်းကင်ယံ၏မျက်လုံးတို့ ပြူးကျယ်လာကာ နွေးကိုတအံ့တဩကြည့်လိုက်သည်။ နွေးကတော့ ပွစိပွစိလုပ်လို့ကောင်းတုန်း။
"ကိုယ်မွေးထားတဲ့သားပဲ အနည်းဆုံးတော့ လက်ခံမပေးနိုင်ဘူးဆိုရင်တောင် နည်းနည်းလောက်ပဲဖြစ်ဖြစ် နားလည်ဖို့ကြိုးစားသင့်တယ်လေ ဒီခေတ်မှာ မိန်းမမှ ယောက်ျားမှဆိုတဲ့ ကန့်သတ်ချက်တွေလည်း မရှိတော့ဘဲနဲ့ကို တချို့က အခုထိအယူသီးနေကြတုန်း။ ဟုတ်တယ်မလား မောင်ယံ"
အမွေဖြတ်ခံရတဲ့တစ်ယောက်တော့ ဘယ်လိုနေသည်ကိုမသိ ဘေးလူဖြစ်တဲ့ နွေးကတော့ အတော်လေးပေါက်ကွဲနေလေ၏။ သူတစ်ယောက်တည်းပေါက်ကွဲရုံနဲ့ အားမရလို့ ကောင်းကင်ယံကိုပါ အဖော်ညှိလိုက်သေးသည်။ ဒါတောင် သူမကိုယ်တိုင်က အမွေပြတ်စွန့်လွှတ်ခံရမလား မသေချာတဲ့ အခြေအနေ။
ဒေါသထွက်ဖို့ရန် အဖော်ညှိနေတဲ့ နွေးရဲ့စကားအတွက် ကောင်းကင်ယံပြန်တုန့်ပြန်လိုက်သည်က...
"မိဘတိုင်းက သားသမီးတွေကို မချစ်ကြပါဘူးဟာ"
'ချစ်ရင်နားလည်ပေးနိုင်မှာပေါ့' ဆိုတဲ့အဓိပ္ပာယ်။ တချို့ကျပြန်တော့လည်း သားသမီးတွေကို ချစ်တော့ချစ်ပါရဲ့။ ဂုဏ်ဒြပ်တွေ၊ သိက္ခာတရားတွေလောက်တော့ မချစ်နိုင်ကြပေ။ ဒီလိုမျိုး မိဘတွေရဲ့ဂုဏ်ကို မြှင့်ပေးဖို့သပ်သပ် မွေးလာတဲ့ သားသမီးတွေကို မိဘကျေးဇူးအကြောင်း လာပြောပြရင်တော့ ဟားတိုက်ရယ်ရုံသာ။
VOCÊ ESTÁ LENDO
လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာ
Romanceပျော်ရွှင်မှုဆိုတာ ဘာလဲတဲ့... ငါတော့ လူသားလေးတစ်ယောက်ကို လက်ညိုးထိုးပြခဲ့တာပဲ...။ လွဲမှားခဲ့လေသော purple-lynn (4.7.20...