နောက်တစ်နေ့ ကျောင်းကိုရောက်တော့ ဘယ်တုန်းကမှမလုပ်ဖူးတဲ့ အလုပ်တစ်ခုကို ကောင်းကင်ယံပြုလုပ်ခဲ့သည်။ အတန်းချိန်မှန်သမျှလစ်ပြီး နွေးနဲ့ဆုံနေကျ စာကြည့်တိုက်တွင် မနက်ကတိုင် သွားထိုင်နေလိုက်သည်။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး ဖတ်နေသည့်စာကိုပင် အာရုံမလာ။
သို့သော် နွေး ရောက်မလာပေ။ အရင်ကဆို ကောင်းကင်ယံ စာကြည့်တိုက်ကို ရောက်ပြီဆိုတာနဲ့ နွေးက ရောက်လာတတ်ကျပင်။ သို့သော်လည်း ကောင်းကင်ယံ စာကြည့်တိုက်ကို ပုံမှန်လာသည့်အချိန်မှာ နေ့လည်စာစားပြီးချိန်ဖြစ်ပြီး ယခုက နေ့လည်စာစားချိန်တောင် မရောက်သေးပေ။ ထို့ကြောင့် ကောင်းကင်ယံ ထပ်စောင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် လှန်လှောကာဖတ်နေသော်လည်း စိတ်တွေက ထိုစာရွက်ဆီမှာမရှိ။ နွေးများ ရောက်လာမလားလို့ ဟိုဟိုဒီဒီဝေ့ဝဲကြည့်လိုက်တော့... ပေါ်လာပါပြီ။ မျှော်နေရတဲ့ပုံရိပ်လေး။ နာရီကိုကြည့်လိုက်တော့ အရင်ပုံမှန်ချိန်ထက် နည်းနည်းနောက်ကျနေသည်။
ကောင်းကင်ယံ၏ နှုတ်ခမ်းထက်ဖြစ်တည်လာသော အပြုံးတစ်ခုကို သူကိုယ်တိုင်မသိလိုက်သလို ထိုအပြုံးတို့ ရုတ်ချည်းပျောက်ကွယ်ကာ ဒေါသရိပ်သန်းသော သူ့မျက်ဝန်းကိုသူလည်း သတိမထားလိုက်မိပေ။ ခံစားချက်ပေါင်းစုံက သူ့ရင်ထဲမှာ ပလုံစီအောင် နေရာယူနေလေသည်။
စာကြည့်တိုက်အပေါက်ဝနားမှာ ရပ်နေသောနွေးက မျက်နှာချင်းဆိုင်က ကောင်လေးတစ်ယောက်ကို ပြုံးကာစကားပြောနေ၏။ သူ့ကိုပြုံးပြနေကျ နွေးထွေးတဲ့အပြုံးတွေက တပါးသူတစ်ယောက်ရဲ့ အရှေ့မှာလည်း အသက်ဝင်လို့နေသည်။
ဒါက ဖလစ်ခံလိုက်ရတဲ့ ခံစားချက်မျိုးလား...။သဝန်တိုခြင်းလား...။ ထိုမြင်ကွင်းကို မမြင်ချင်ယောင်ဆောင်ဖို့ရန် ဟန်ပြင်လိုက်သော်လည်း မမှီလိုက်ချေ။ နွေးရှေ့ကကောင်လေးက သူ့အားပြုံးပြကာ နှုတ်ဆက်လာသောကြောင့် သူလည်း မတက်သာဘဲ ခေါင်းတစ်ချက်ညိတ်ပြကာ လောကဝတ်ပြုလိုက်ရသည်။
တကယ်ကို မပြီးနိုင်မစီးနိုင်ဘာတွေပြောနေကြပါလိမ့်..။ ရုတ်တရက် နွေးရဲ့ခေါင်းကို အသာအယာလေး ပုတ်လိုက်တာကိုမြင်တော့ ထောင်းကနဲထွက်သွားတဲ့ ဒေါသကြောင့် ကောင်းကင်ယံတစ်ယောက် ထိုင်ရမလို ထရမလို။
YOU ARE READING
လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာ
Romanceပျော်ရွှင်မှုဆိုတာ ဘာလဲတဲ့... ငါတော့ လူသားလေးတစ်ယောက်ကို လက်ညိုးထိုးပြခဲ့တာပဲ...။ လွဲမှားခဲ့လေသော purple-lynn (4.7.20...