'ခဏလောက်တွေ့ရအောင်' ဆိုသည့် စာနှင့်အတူ လိပ်စာလေးတစ်ခုက message box တွင် နေရာယူလျက်။ ဘယ်သူဖြစ်လိမ့်မလဲလို့ စဉ်းစားနေချိန်မှာပင်...
ထပ်ရောက်လာသည့် messageလေးတွင် တစ်ဖက်လူမှ သူဘယ်သူဆိုတာ မိတ်ဆက်ထားလေသည်။ ထိုစာအားဖတ်ပြီးချိန်မှာတော့ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုထံ 'ကိစ္စလေးရှိလို့ နည်းနည်းနောက်ကျမယ်'ဟူသည့် စာတိုလေးတစ်စောင်အား ရောက်ရှိစေလိုက်သည်။ ထို့နောက်တွင်တော့ ချိန်းသည့်နေရာဆီသို့...။
ရိုးရိုးကော်ဖီဆိုင်လေးတွင်ဖြစ်သော်လည်း တွေ့ဆုံရသည့် အကြောင်းအရင်းကတော့ဖြင့် မရိုးရှင်းနိုင်။ စိတ်ထဲထင့်နေသော်လည်း ထိုလူရှိရာ ဝိုင်းဆီ ဦးတည်လိုက်တော့သည်။
ထိုင်ခုံမှာ ထိုင်လိုက်သည်နှင့် messageတစ်စောင် ထပ်မံ၍ရောက်ရှိလာပြန်သည်။ တစ်ဖက်လူရှေ့မှာ ဖုန်းကိုကြည့်ခြင်းက အနည်းငယ် ရိုင်းချင်ရိုင်းနေလိမ့်မည်။ သို့သော်လည်း ချစ်ရသူနဲ့ယှဥ်လျှင်တော့ အရာရာဟာ ဒုတိယ။ 'ပန်းခြံရှေ့မှာပဲ စောင့်နေမယ်နော်' ဆိုတဲ့ message လေးအား ပြုံးကာကြည့်ပြီးနောက် ဖုန်းကိုပိတ်လိုက်ကာ တစ်ဖက်လူပြောလာမည်တို့ကို နားစွင့်လိုက်သည်။
"ဦးလေးက နေခြည်နွေးရဲ့ ဖခင် ဦးထွဋ်ခေါင်ပါ"...
အစချီ၍ ပြောဆိုလာသည်များကို နားထောင်ရင်း မေးလာသည်များကိုလည်း လေးစားသမှုနဲ့ ပြန်ဖြေရင်း ရင်ဆိုင်ခဲ့သည်။ ကိုယ့်ချစ်သူရဲ့အဖေနဲ့ တွေ့ဆုံရခြင်းက လွယ်တဲ့ကိစ္စတော့မဟုတ်။ ဇာတ်ကားတွေထဲကလို တရိုတသေလေးနဲ့ ယောက္ခမအကြိုက်လိုက်ကာ သမီးကိုရဖို့အတွက် ဖားတာယားတာတွေ သူမလုပ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ထိုဖခင်ဆိုသူသည် နွေးကိုပစ်ပယ်ထားခဲ့သူပင်။ သနားစရာသမီးငယ်ကို ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးပေးရမယ့်အစား လျစ်လျူရှုခံရခြင်းတို့နဲ့သာ အထီးကျန်စွာ ကြီးပြင်းစေခဲ့သည်။ ဒီလိုလူမျိုးကို အမှန်တိုင်းပြောရရင် ကောင်းကင်ယံ မျက်နှာချင်းမဆိုင်ချင်ပါ။
"ဒါဆို ဦးလေးကိုခွင့်ပြုဦး မောင်ရင်"
ထထွက်သွားပြီဖြစ်တဲ့ လူတစ်ယောက်ကြောင့် စကားဝိုင်းလေးဟာ အဆုံးသတ်သွားခဲ့သည်။ မိနစ်ပိုင်းမျှသာ ကြာမြင့်သော ထိုစကားဝိုင်းလေးသည် နွေးကို သူဘယ်လောက်ချစ်မြတ်နိုးကြောင်း ဖွင့်ထုတ်ပြောဖို့ လုံလောက်ခဲ့ပါသည်။

YOU ARE READING
လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာ
Romanceပျော်ရွှင်မှုဆိုတာ ဘာလဲတဲ့... ငါတော့ လူသားလေးတစ်ယောက်ကို လက်ညိုးထိုးပြခဲ့တာပဲ...။ လွဲမှားခဲ့လေသော purple-lynn (4.7.20...