Chapter-2

12.8K 1.1K 68
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၂

"မနက်ဖြန် verb formဖြေဖို့ စာကြည့်ခဲ့ကြနော်။ ကျလို့ကတော့ ဟိုးက လမ်းထိပ်အထိ ဖားခုန်ခုန်ရမယ်သာမှတ်"

ဆရာကြီး၏ ကြိမ်းဝါးသံအောက်မှာ ကျောင်းသားများက မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရှဲခနဲငြိမ်သက်ကုန်၏။ကျောက်သင်ပုန်း သန့်ရှင်းရန် တာဝန်ကျသော ကျောင်းသားမှလွဲ၍ အားလုံးက နောက်ထပ်ဘာပြောလာမည်ဆိုတာကို နားတစွင့်စွင့်ဖြစ်နေကြသည်။ထိုကျောင်းသားများထဲတွင် ခွန်းနစ်လည်း အပါအဝင်ဖြစ်ကာ လေထဲတွင်ဝဲပျံလာသည့် မြေဖြူမှုန်တွေကိုမရှူရှိုက်မိစေရန် နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပုဝါနှင့် အုပ်ထားရသေး၏။

တစ်ခါ မိမိရရကျိန်ဆဲခံရဖူးသည်မို့ ဘယ်တော့မှ နောက်ဆုံးခုံဆီ ခြေဦးမလှည့်တာ ကြာခဲ့ပြီပင်။အတန်းကို ပုံမှန်လာလို့ ရှေ့ခုံမှာသာနေရာဦးရင်း သင်ကြားသမျှကို နားလည်အောင် ကြိုးစားခဲ့သည်။ ထိုအထိ ထူးခြားသည်တော့မဟုတ်ပါ။ ခွန်းနစ်က လူအပြောခံရမှာကို သေအောင်မုန်းသလို၊ ဘယ်သူဝေဖန်တာကိုမှ မခံချင်သူဖြစ်သည်။ ဒါတင်မကသေး လူတွေဆီက အာရုံစိုက်ခံရမှာကို မုန်းလွန်းတာကြောင့် ချောင်းဆိုးချင်လျှင်ပင် ကြိတ်ပြီးဆိုးတတ်၏။

သို့သော် ထိုမျှ နားအေးပါးအေးနှင့် သီးသီးသန့်သန့်နေချင်သော ခွန်းနစ်ကို အနှောက်အယှက်ပြုနေသည့် ကိစ္စတစ်ခုရှိပါသည်။ ဘာကြောင့် ထိုမျှထိဖြစ်နေရပါသနည်းဟု ကိုယ်ကိုယ်ကိုယ် ပြန်မေးသည့်တိုင် အဖြေမရနိုင်သော ကိစ္စပင်။ ခွန်းနစ်ဟာ မိမဆုံးမ၊ ဖမဆုံးမဟု အပြောခံရသည့်ကိစ္စကို တစ်လကျော်လုံးလုံး တနုံ့နုံ့ဖြစ်ကျန်နေခဲ့သည်။

ညတိုင်းလိုလို အိပ်ခါနီးတိုင်း ဘာကြောင့် တစ်ခွန်းတောင် ပြန်မပြောနိုင်ခဲ့ရပါသလဲဟု ကိုယ့်ကိုယ်ကိုယ် အပြစ်လည်းတင်နေတတ်၏။ဒါဖြင့် သင်တန်းလာတိုင်းတွေ့နေတာပဲ မျက်နှာချင်းဆိုင် ပြောပါရော့လားဆိုလျှင်လည်း မဟုတ်ပြန်ပါ။ အနှီ အရိုင်းအစိုင်းကောင်ကို စိတ်ထဲကမထုတ်နိုင်ပဲ ရွံမုန်းကြီးမုန်းနေမိသည်ဟုပဲ ပြောရလိမ့်မည်။ မကြာခဏ ထိုကောင်ထံအာရုံရောက်ကာ မသိမသာလိုက်ရှာဖွေနေမိခြင်းကို ဘယ်လိုနည်းနှင့်မှ ရပ်တန့်လို့ မရနိုင်တော့ချေ။

friEND(COMPLETED)Where stories live. Discover now