Chapter-37

9.4K 1K 130
                                    


Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၉

"ဖိုးသား နေရောကောင်းရဲ့လား ဒီနေရာမှာ ရပ်နေတာ"

"ကို ကိုကိုကြီး"

ခြေဗလာနှင့် အခန်းဝမှာ ရပ်နေသည့် ခွန်းနစ်။ လက်ဖမိုးထက်မှ ဆေးပိုက်တန်းလန်းက  စိတ်လက်မာန်ပါ ဆွဲဖြုတ်ခဲ့သည့်အတွက် သွေးဆန်တက်ကာ  ပိုက်အတွင်းမှ လက်ကျန်ဆေးရည်‌တို့မှာ ရဲရဲနီလို့ နေလေပြီ။ မျက်စိရှေ့က ကိုကိုကြီးမှာ မျက်ဝန်းတွေပြူးကျယ်လျက် ညီဖြစ်သူအား ပုခုံးနှစ်ဖက်မှ အသာဆွဲကိုင်ကာ "ရရဲ့လား" ဆိုသည့် မေးခွန်းကို မေးရင်း ခန္ဓာကိုယ်အနှံ့ စစ်ဆေးလို့လာ၏။

"သား ဘာလို့ ရုတ်တရက်ကြီး ဖွင့်ချလာတာလဲ"

‌ကိုကိုကြီး နောက်မှ ဖေဖေသည်ပင် ခွန်းနစ်ရဲ့ အပြုအမူတို့ကြောင့် အံ့အားသင့်နေပုံ။ သူတို့သားအဖ အခန်းရှေ့ရောက်ရောက်ချင်း ဝုန်းခနဲပွင့်လာသော တံခါးနောက်မှာ သားဖြစ်သူက မျက်ပြူးဆန်ပြာဖြစ်လျက်၊ အဆောတလျင် လုပ်စရာကိစ္စရှိနေပါသလို ရပ်နေခဲ့တာဖြစ်သည်။

"မေမေရော ဘယ်ကို သွားတာလဲ။ ခု ဖိုးသားတစ်ယောက်ထဲလား"

"မဟုတ်"

"အော် ဧည့်သည်ရော ရှိနေတာပဲ"

နောက်မှာ ကျန်နေခဲ့သည့် ဝေဖြိုးနိုင်အား ကိုကိုကြီး တွေ့သွားပုံရသည်။ ခွန်းနစ်မှာ ထို အမေးတွေကို မဖြေအား။ ကိုကိုကြီး ပုခုံးကို ကျော်ရင်း ဆေးရုံစင်္ကြံတစ်လျှောက် မျက်စိကျွတ်ထွက်မတတ် တစ်စုံတစ်ယောက်အား ရှာဖွေနေခဲ့မိသည်။ အရိပ်မျှပင် မတွေ့သောအခါ လစ်ဟာသွားသည့် ရင်တွင်းမှခံစားချက်ဟာ အဓိပ္ပာယ်ဖော်ရန်ပင် ခက်လွန်းလှ၏။

"လာ ‌ကုတင်ပေါ် ပြန်သွားရအောင်။ ဒီလိုကြီး နေတာ မကောင်းဘူး"

ကျောပြင်မှ ဖက်တွယ်လာသည့် ကိုကိုကြီး လက်ချောင်းတွေ။ ကုတင်ဆီ ပြန်လှည့်ရန် အားထည့်လာတော့ ခွန်းနစ် ခန္ဓာကိုယ်ကိုတောင့်ကာ တင်းခံမိသွားသည်။ ဟင့်အင်း... မသွားချင်ပါ။ ခွန်းနစ်မှာ ခုလို အေးအေးဆေးဆေး နားမနေနိုင်သည့် ကိစ္စတွေရှိသည်။ ခွန်းနစ် သူ့ကိုတွေ့ပြီး သူ့ကို မေးချင်တာတွေ ပြောချင်တာတွေရှိသည်။

friEND(COMPLETED)Where stories live. Discover now