Unicode
တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၂
"ထမင်းပေါင်းအိုးရယ်၊ ဟင်းအိုးရယ်၊ ရေနွေးအိုးရယ် ပြီးရင် ဘာအိုးကျန်သေးမလဲ။ သေးအိုးပါ ဝယ်ရမလား ဟားဟား ရယ်ရတယ်ကွာ"
"..."
ကိုယ်ပဲပြော ကိုယ်ပဲရယ်နေရသည့် ဟာသက အောင်မြင်ပုံမပေါ်။ တစ်ဖက်မှာ အူကွဲအောင်ရယ်နေသလောက် ငူတူတူကြီးသာ ငုံ့ကြည့်နေသည့် နေချိုမောင်တစ်ယောက်နှင့်တော့ ခွန်းနစ် စိတ်ရှိတိုင်း ထရိုက်လိုက်လျှင် သေအုန်းမည်။ ဒီလိုကောင်နှင့် အတူနေရမည့် ရှေ့ရေးကတော့ အတော်လေးကို လှပနေတော့မှာပဲ.. စိတ်ထဲကြိတ်တွေးကာ ခေါင်းကိုယမ်းလျှက် စင်တာထဲ ဆက်လျှောက်ခဲ့လိုက်၏။
အရင်တစ်ပါတ်ကတည်းက ပစ္စည်းတွေ မှီသလောက်ရွှေ့ခဲ့ပြီးဖြစ်သည့် သူတို့အိမ်အသစ်ကလေးအတွက် လိုအပ်မည့် ပစ္စည်းတွေ ဝယ်ခြမ်းရန် ဈေးဝယ်စင်တာတစ်ခုကို ရောက်နေခြင်းဖြစ်သည်။ နဂိုက အဆောင်သမားတွေဖြစ်တာကြောင့် ဝယ်စားစနစ်ဖြင့်သာ နေခဲ့ကြပေမဲ့ နှစ်ယောက်ပေါင်းနေသည့်အတူတူ အိုးခွဲမစားပဲ ချက်စားဖို့ အကြံပြုသည့် ဝေဖြိုးနိုင်တို့ လင်မယားကျေးဇူးနှင့် ယခုလို ရောက်လာကြခြင်းဖြစ်၏။
ခွန်းနစ်က အိမ်ငှားခကို တစ်ဝက်စီကျခံဖို့ ဆုံးဖြတ်ထားကာ စားသောက်စားရိတ်ကိုတော့ ခွန်းနစ်ဖက်က ပိုထည့်ဖို့လုပ်ထားသည်။ နေချိုမောင့် လုပ်အားခကာ ကိုယ်နှင့်ယှဉ်လျှင် သိပ်မများလှတာကြောင့် အိမ်ပေါင်းနေဖို့ စခဲ့သည့်သူကပဲ ခုလို တာဝန်ယူလိုက်တာဖြစ်၏။ သူကတော့ ကောင်း၏ဆိုး၏ တစ်ခွန်းဝေဖန်ပြောဆိုခြင်း မပြုသည့်တိုင် အိမ်အတွက်လိုအပ်သည့် ပစ္စည်းဝယ်ရန်ဆိုကာ ထုတ်လာသည့် လခကို အကုန်ပေးရှာပါသည်။
ပုံမှန် လက်လုပ်လက်စားလူငယ်တစ်ယောက်ရဲ့ ဝင်ငွေက စုမိဖို့မလွယ်လှသည်မို့ ခုလို လုပ်လိုက်မိတာ သူ့အတွက် ဖိအားများ ဖြစ်လေမလားဆိုသည့် အတွေးကြောင့် တစ်ခါတစ်လေတော့ ခွန်းနစ် စိတ်ပင်ပန်းသည်။ ကိုယ်ဟာ ဘာမှမဆိုင်သည့် သူအပေါ် ချုပ်ကိုင်မိနေသည်လား။ ကိုယ့်ကို ကြိုက်နေသည်ဆိုသော စိတ်ကို အသုံးချကာ အနိုင်ကျင့်မိနေလေပြီလားဆိုသော အတွေးမျိုးလည်း မကြာခဏဝင်ခဲ့၏။
![](https://img.wattpad.com/cover/307388540-288-k411788.jpg)
YOU ARE READING
friEND(COMPLETED)
Teen FictionThe UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully credit to original artists.)