Chapter-32

10.9K 1K 52
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၃

ကြည်စင်နေအောင် တိုက်ချွတ်ထားသည့် ကြမ်းခင်းကြွေပြားမှာ မြင်နေရသော ပုံရိပ်က ဝိုတဝါးနှင့်။ မျက်လွှာချလျက်‌လျှောက်လှမ်းလာမိသော ခြေလှမ်းတို့ဟာ အနှီပုံရိပ်၏ အရွေ့နှင့်အတူ လိုက်ပါနေသယောင်ယောင်။ မြင်နေရသည့် အနက်ရောင် ရှူးဖိနပ်ထိပ်ကလေးမှာမူ မစီးတာကြာ၍ တွန့်ခေါက်ချင်သော အရာများပင်ရှိနေကာ အသားမကျသည့် ခြေထောက်တို့က တစ်လှမ်းလှမ်းလိုက်တိုင်း တင်းကြပ်ကာ နေရခက်နေခဲ့သည်။

ထိုအခါ ပေါ်ထွက်လာသည့် ဖုန်းအသံ..

"I need somebody who can love me at my worst..."

ဘေးလွယ်အိတ်ထဲမှ ဖုန်းကိုဆွဲယူကာ အသံကို အရင်ပိတ်လိုက်ရသည်။ပြီးမှ စခရင်ပေါ်က နံပါတ်ကိုကြည့်ကာ အဆောက်အဦးအပြင်သို့ အမြန်ထွက်ပစ်လိုက်၏။

လက်ရှည်ပါးပါးကို ထိုးဖောက်ဝင်လာသည့် နွေ၏အပူက ရှိန်းခနဲ။ ကျုံ့တက်လာသည့် မျက်မှောင်တွေ သက်သာစေဖို့ လက်ဖဝါးကို မျက်ခုံးထက်နေရာမှ အုပ်မိုးကာ အရိပ်ပေးလိုက်သည်။ ထို့နောက် အနီးရှိ အရိပ်ရအပင်တစ်ခုဆီ ဦးတည်သွားရင်း ဒုတိယအကြိမ် ဝင်လာသည့် ဖုန်းခေါ်ဆိုမှုကို ဖြေရ၏။

"ဟယ်လို..."

"...."

"ဟုတ် ကျွန်တော် ဖြေခဲ့ပါပြီ"

"..."

"အဆင်ကတော့ ပြေပါတယ်"

"..."

"အဲ့ဒါက စဉ်းတော့ စဉ်းစားနေတုန်းပဲ။ ကျွန်တော် သေချာ ဆုံးဖြတ်ပြီးရင် အစ်ကို့ကို အရင်ဆုံး ပြောပါ့မယ်"

ဖုန်းချပြီးချိန်မှာ မရည်ရွယ်ပါပဲ လေပူတွေကို မှုတ်ထုတ်မိသည်။ ဖြူဥနေသည့် မဟုတ်သော်ငြား ဝင်းဝါသော အသားရည်က နေရောင်နည်းနည်းထိတာနှင့် ရဲစပ်ကာ နားထင်စမှာ ချွေးစများ စတင်စိုရွှဲလာ၏။ အချိန်တော်တော်များများ အဲယားကွန်းခန်းထဲမှာသာ ကုန်လေ့ရှိသူမို့ ဤမျှလောက် အပူကိုပင် မခံနိုင်ချင်။ ဒါကို မကြာမကြာ ကြုံတွေ့ဖို့ ရှိလာကြောင်းတွေးမိသည့်အခါ စိတ်အိုက်ကာ စိုးရိမ်စိတ်တို့က တဖန်ပြန်လည် တိုးဝင်လို့လာကြသည်။

friEND(COMPLETED)Where stories live. Discover now