Unicode
တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၆
တဖျောက်ဖျောက်ကျနေသော ရေသံဟာ တံခါးဖွင့်ထားသည့် ရေချိုးခန်းအတွင်းမှတဆင့် တိတ်ဆိတ်နေသည့် အခန်းတစ်ခုလုံးကို လွှမ်းခြုံ နေ၏။ အနံ့စူး ပြင်းပြင်းများ၊ အမွှေးနံ့များ ရောနှောနေသည့် လေထုက သန့်သန့်ရှင်းရှင်းမရှိလှ။ ချဉ်စော်နံချင်နေသည့် အဝတ်ပေတွေထုပ်ထားသည့် အထုပ်မဲကြီးတစ်ထုပ်မှာမူ ဖရိုဖရဲဖြစ်နေသော ကုတင်ထက်တွင် နေရာယူလို့ထားသည်။
ရှပ် ရှပ် ရှပ်.... နီးကပ်လာသော ခြေသံဟာ အသံမလုံသည့် အခန်းအတွင်းတို့ တိုးဝင်လာသည်။ တည်းခိုခန်းရဲ့ လုံခြုံရေးစနစ်က ဘယ်လောက်ကောင်းသလဲဆို နိုးနိုးချင်း ဟိုးအောက်ထပ်က ချောင်းဆိုးသံကိုပင် သေချာကြားခဲ့ရ၏။
ချွင်...ကျွီ... ဂျလောက်
ဆက်တိုက်ပေါ်ထွက်လာသည့် အသံများနောက်တွင်မူ ခြေထောက်တစ်စုံက အခန်းတွင်းရောက်ရှိလာသည်။ တစ်ဆက်ထဲမှာပဲ သင်းပျံ့သည့် နံပြားထောပတ်သုတ်နံ့ သင်းသင်းက နဂိုညှဉ်းသိုးသိုး အခန်းတစ်ခုလုံးကိုပင် မွှေးကြိုင်သွားစေ၏။"မင်း အတွက် အဝတ်တွေ"
မျက်စိရှေ့ရောက်လာသည့် အထုပ်ကိုယူကာ ထိုင်နေရာမှထလိုက်တော့ ခန္ဓာကိုယ်မှ ဒဏ်တွေက စူးခနဲနာသည်။ ကျစ် သပ်လိုက်မိပြီးကာမှ အံကိုကြိတ်ကာ ရေချိုးခန်းထံ ဦးတည်လိုက်၏။ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဒီနားမှာ တုံးလုံးချွတ်ပြီး လဲရအောင်တော့ အရှက်မမဲ့သေးပါ။ မအီမသာဖြစ်နေသည့် ခံစားချက်နှင့် လေးလံနာကျင်မှုကို အံကြိတ်ကာ မမြင်ကွယ်ရာရောက်အောင် ကြိုးစားလိုက်သည်။ ပြီးမှာ အလွယ်တကူဆွဲခြုံထားသည့် စောင်ကြီးကိုဆွဲခွာကာ အဝတ်ထုပ်ကို ဖြေချလိုက်၏။
အနက်ရောင် ညဝတ်အင်္ကျီအကွက်က တံဆိပ်ပင်မခွာရသေး။ ချည်သားဘောင်းဘီကလည်း ယခုမှ တွေ့တဲ့နေရာက ကောက်ဝယ်လာပုံရသည်။ အသစ်စက်စက် အဝတ်တွေက ကိုယ်လုံးထက်မှာ ခေါက်ထားသည့်အရာတွေအတိုင်း တောင့်တောင့်ကြီး နေရာယူသွား၏။
"I need somebody who can love me at my worst ~~~
No , I am not perfect , but I hope you see my worst ~~~"အဆက်စပ်မရှိ ထမြည်သာဖုန်းက ကျောချမ်းချင်စရာ။ မလုံမလဲဖြစ်သွားသည်မို့ ဖုန်းအသံကိုပင် အမြန်ကြီးပိတ်ချလိုက်မိသည်။ ခေါ်ဆိုသူနာမည်ကို ကြည့်ပြီးခါမှ လည်ချောင်းရှင်းကာ ဖုန်းကို ကိုင်လိုက်၏။

YOU ARE READING
friEND(COMPLETED)
Teen FictionThe UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully credit to original artists.)