[ August , 2012]
"ဒီနားထိုင်လို့ရတယ်မလားဗျ"
လူအရောက်အပေါက်နည်းသည်မလို့ ထိုင်စရာအထွေအထူးမရှိသည့် ကမ်းခြေတစ်ခုမှာ အုန်းသီးခွံတစ်ခုပေါ်ထိုင်နေတဲ့ ဆောင်းဟွန်းဆီ အသံချိုချိုဖြင့် စကားတစ်ခွန်း ရောက်လာသည်။ အနှီကောင်လေးက ခွင့်တောင်းတယ်ဆိုရုံသာတောင်းပြီး ဆောင်းဟွန်းဘေးက အုန်းသီးခွံပေါ်က သဲတွေကိုခါကာ ဝင်ထိုင်တယ်။ ဘာဆိုဘာမျှမရှိတဲ့ ကမ်းခြေမှာ အခုတော့ ဆောင်းဟွန်းအပြင် ထိုကောင်လေးပါရောက်လာပြီ။
ထိုကောင်လေးဟာပဲ လှိုင်းသံကလွဲလို့ တိတ်ဆိတ်နေတဲ့ လေထုကို ချက်ချင်းပဲ ဖြိုခွဲဖြစ်တယ်။
"အစ်ကိုက ဒီကိုအမြဲလာနေကြလားဗျ
ကမ်းခြေမှာ ဘယ်သူမှလည်းမရှိဘူးနော်
အိမ်မှာ ပျင်းလွန်းလို့သာ အမေပြောတဲ့ ကမ်းခြေရှိတယ်ဆိုတဲ့ နေရာကို ထွက်လာတာ၊ အခုတော့ ဒီမှာလည်း ပျင်းစရာပါပဲ"ထိုကောင်လေးက "ပျင်းစရာအရမ်းကောင်းတာပဲ"ဆိုတဲ့ပုံစံနဲ့ သဲတွေကို ခြေထောက်နဲ့ ကန်ထုတ်ပစ်နေသည်။ ဆောင်းဟွန်း ဒီကို နေ့တိုင်းလိုလိုလာနေပေမယ့် တစ်ခါမှ ပျင်းစရာကောင်းတယ်မထင်ဖူးတာမလို့ ထိုကောင်လေးက ဆောင်းဟွန်းအတွက်ထူးဆန်းလှတယ်။
ပင်လယ်ကလာတဲ့ ခပ်နွေးနွေးလေပြေညှင်းတွေကတိုက်ခတ်နေဆဲ၊ နေရောင်ခြည်တွေကလည်း ဖြာကျနေဆဲပါပဲ။
"ကောင်လေးရ ဒီကမ်းခြေက မင်းထင်နေသလို ပျင်းဖို့မကောင်းပါဘူး၊ မရိုးနိုင်တဲ့ လှိုင်းသံတွေ၊ နေ့တိုင်းမတူညီတဲ့ နေဝင်ဆည်းဆာ၊နေထွက်ဆည်းဆာနဲ့ သူ့ဟာနဲ့သူတော့ လှပနေတဲ့ ကမ်းခြေတစ်ခုပါကွ၊"
ဆောင်းဟွန်းပြောစကားကို စိတ်ဝင်တစားနားထောင်နေတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းညိုညိုက နေအလင်းကြောင့် တလက်လက်တောက်ပနေခဲ့သည်။
ထိုမျက်ဝန်းညိုညိုနဲ့ အကြည့်ချင်းစုံမိတဲ့ အခိုက်အတန့်မှာ ဆောင်းဟွန်းပျားရည်အိုင်ထဲ ပြုတ်ကျသွားတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်လိုခံစားလိုက်ရတယ်။တကယ်လည်း ဆောင်းဟွန်းဟာ ပျားရည်နွံထဲက ရုန်းထွက်မရတော့မယ့် ပုရွက်ဆိတ်လေးတစ်ကောင်သာသာပါပဲ။