Unicode
ရုံးဖွင့်ရက် မနက် ၈နာရီကျော်ခန့်မို့ Tae Hyungရဲ့ ကော်ဖီဆိုင်လေးသည် ကော်ဖီကို Take awayယူသွားချင်သည့် ရုံးဝန်ထမ်းများဖြင့် ထူထူထပ်ထပ် ပြည့်နှက်နေ၏။
ထိုအချိန်၌ ဆိုင်ထဲကို ဝင်လာတဲ့ မနေ့ကလူ။ထိုလူ့ကို ဟန်နာ ကောင်းကောင်း မှတ်မိပါသည်။
အချိုးကျလွန်းသည့် မျက်နှာကျနှင့် စူးရှလွန်းသော မျက်လုံးများက တစ်ခါမြင်ဖူးရုံနဲ့တင် တစ်သက်လုံးစွဲ၍ မှတ်မိနေလောက်အောင် တစ်ဖက်သား၏ စိတ်ထဲ နေရာယူပစ်လိုက်နိုင်စွမ်းရှိသည်။
ထိုလူက ဘော့စ်ကို တစ်ချိန်လုံးစိုက်ကြည့်နေခဲ့လို့ ဘော့စ်ရဲ့ရည်းစားများလားလို့တောင် အထင်မှားမိသေးသည်။
ထိုလူက Take awayထုတ်သွားမည့်ဟန် မတူပဲ မနေ့ကထိုင်ခဲ့တဲ့ နေရာမှာပဲ ဝင်ထိုင်နေသည်မို့ ထိုလူ့ကို ဝန်ဆောင်မှုပေးရန်အတွက် ဟန်နာ သူ့အနားသို့ ခပ်သုတ်သုတ် သွားမိသည်။
ဘော့စ်ကို လွှတ်ပေးချင်ပေမယ့် ဘော့စ်က အခု ဆိုင်၌ မရှိ၊ အပြင်မှာ ကော်ဖီစေ့သွားဝယ်နေလို့ ဖြစ်သည်။
အရင်တစ်ခါ ကော်ဖီစေ့ဝယ်တုန်းက ဝန်ထမ်းကောင်လေးကို ဝယ်ခိုင်းခဲ့တာ။
ထိုကောင်လေးက သိပ်နားမလည်သည်မို့ အရည်အသွေးသိပ်မကောင်းတဲ့ အမျိုးအစားကိုသာ အများကြီး ဝယ်ချလာမိသည်။ထို့ကြောင့် ဒီနေ့တော့ ဘော့စ်ကိုယ်တိုင် သွားဝယ်နေခြင်းဖြစ်သည်။
"ဘာများ သုံးဆောင်ချင်ပါသလဲ ဧည့်သည်"
"Kim Tae Hyungရှိလား?"
ဒီလူက ရုပ်တင်ကြည့်ကောင်းသည်မဟုတ်၊ အသံကပါ နားထောင်လို့ကောင်းသည် ဟု ဟန်နာထင်မိသည်။
ဩဇာအပြည့်နှင့် တစ်ဖက်လူကို လွှမ်းမိုးနိုင်မည့် အသံမျိူး။
ထိုလူ့ရဲ့ မျက်နှာကို အနီးကပ်မြင်ရတော့မှပဲ မျက်နှာ၌ piercing ခပ်သေးသေးတွေရှိနေတာကို တွေ့ရသည်။ ညာဘက်မျက်ခုံး၌ ဖောက်ထားသည့် piercingက တလက်လက် ထင်းလင်းနေလျက်။ မနေ့က အဝေးမှကြည့်ခဲ့ရတာမို့ ထိုအရာကို ဟန်နာ သတိမထားမိခဲ့။
