Unicode
စီတန်း၍ စိမ်းမြနေသော ကော်ဖီပင်များကို ကြည့်ရင်း Tae Hyungရဲ့ မျက်နှာ၌ အပြုံးရိပ်တို့ စွန်းထင်သွားလျက်။
ငယ်စဉ်ကထဲက သူသည် ကော်ဖီခြံများကို အလည်အပတ်သွားရသည်ကို သိပ်သဘောကျတတ်သည်။
ကော်ဖီပင်များကို ဖြတ်တိုက်ပြီး တသုန်သုန် လွင့်လာတဲ့ လေပြည်များက ပုံမှန်လေညှင်းထက် ပို၍ လတ်ဆတ်သည်ဟု သူ ထင်စမြဲပင်။
" ကော်ဖီပင်တွေကို အဲ့လောက်တောင် ကြိုက်လား ဘေဘီ?"
ကော်ဖီပင်များထဲသို့ အာရုံများစီးမျောပျော်ဝင်နေစဉ် နောက်ကျောမှ ထွက်လာသည့် အသံဩဩ။
" အင်း..ကြိုက်တယ်"
" ကိုကို့ကိုလား?"
ညာဘက်ပုခုံးပေါ် မေးတင်လာပြီး ခပ်တိုးတိုးမေးသည်။ရှတသော အသံက နားထဲသို့ နီးကပ်စွာ တိုးဝင်လာလေတော့ Tae Hyungရဲ့ နှလုံးအိမ်ထဲ လေပွေရိုင်းလေး မွေ့တိုက်သွားသည့်နှယ်။
" ခင်ဗျားက အရူး"
ဆောင့်အောင့်ပြီး ပြောမိပြန်လည်း ထိုလူက ခပ်တိုးတိုးရယ်သည်။
တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ ဒီလူ့ရဲ့ ရယ်သံကလည်း သာယာငြိမ့်ညောင်းခြင်းတစ်မျိူးပါပဲ။ အပိုအလျှံ နီးကပ်နေသော အနေအထားတစ်ခုမှာ Tae Hyungမွေ့လျော်နေမိ၏။ရုန်းထွက်ဖို့လည်း သူ မစဉ်းစားမိ။
ပုခုံးပေါ် တင်ထားသည့် ခေါင်းကို ဖယ်ခွာသွားသည်။ဘေး၌ ခပ်နီးနီး လာရပ်လေတော့ Tae Hyungက မရဲတရဲလေး မော့ကြည့်မိရင်း
" ခင်ဗျား အရပ်က ဘယ်လောက်လဲ?"
Tae Hyung ဒီအမေးကို မေးချင်နေခဲ့တာကြာပြီ။ သူကိုယ်တိုင်လည်း ၅ပေ ၁၁မို့လို့ ယောက်ျားလေးတွေထဲ အရပ်ရှည်သည့်အထဲပါသည်။သို့ရာတွင် ဒီလူကြီးကိုဆို Tae Hyungကပါ ပြန်မော့ကြည့်နေရသည်။
" ကိုကို့အရပ်? ဘေဘီက သိချင်လို့လား?"
" အင်း"
" သိချင်ရင်"
" အင်း"
" ကိုကိုလို့ ထပ်ခေါ်"
