နှလုံးသားခြေရာ−အပိုင်း(၁)
စိမ်းစိုအုံ့မှိုင်းနေသည့်သစ်ပင်ငယ်တွေအုံ့မှိုင်းနေသည်မို့ တောအုပ်ငယ်လေးနှင့်ပင်တူနေ သည့်ခြံဝန်းငယ်လေးထဲသို့ ကားအဖြူလေးတစ်စီးက ခပ်ဖြည်းဖြည်းမောင်းဝင်လာသည်။ကား နောက်ခန်းမှန်ပြတင်းမှတစ်ဆင့် ပတ်ဝန်းကျင်ကိုကြည့်ရင်း သူ့စိတ်တွေငြိမ်းချမ်းကာလန်းဆန်းလာ ရတော့သည်။
“ပတ်ဝန်းကျင်ကိုသဘောကျနေသလား ထူးလေး”
“ဟုတ်တယ် မေမေ။စိမ်းညှို့နေတာ။စိတ်ကိုအေးသွားတာပဲ”
ကားရှေ့ခန်းကနေ မေမေက နောက်ဘက်စောင်းငဲ့ပြီးမေးတော့ သူ ပြန်တောင်မကြည့်ဖြစ်ဘဲ ခပ်ပြုံးပြုံးဖြေဖြစ်သည်။ကားမောင်းနေသည့် ဖေဖေ ကတော့ သူ့ဇနီးကိုငဲ့ကြည့်ပြီးပြုံးနေမှာအသေ အချာ။ ဖေဖေက သူ့ဇနီးနှင့်သား သာ ပျော်ရွှင်နေလျှင် အားလုံးအေးချမ်းနေနိုင်သည့်သူမျိူးပင်ဖြစ် သည်။ ရိုးသားသည်။ ကြိုးစားသည်။ အလုပ်ကိစ္စတစ်ခုကိုအမြဲတမ်းစေတနာပါပါလုပ်သည်။ ဒါကြောင့်လည်း ဖေဖေ အလုပ်လုပ်နေသည့် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီကြီးက နယ်ဘက်က project ကြီးတစ်ခုကို အင်ဂျင်နီယာဖြစ်သည့်ဖေဖေ့အား တာဝန်ယူဦးဆောင်ခိုင်းသဖြင့် သူတို့ မိသားစုလေး ဒီမြို့ကို ရောက်လာခြင်းဖြစ်သည်။
ကုမ္ပဏီကပေးထားသည့်အိမ်ကလည်း တိုက်အဖြူပုလေးကိုမှ ရှေးခေတ်ဥရောပစတိုင်နှင့် ခြံဝန်းကလည်းခပ်ကျယ်ကျယ်ပင်ဖြစ်သည်။အိမ်ရှေ့ဆင်ဝင်ကို ကားရပ်ပြီးသည်ထိ မေမေနှင့်ဖေဖေ က ကုမ္ပဏီက လူကြီးတွေကောင်းအောင်စီစဉ်ပေးထားပုံကိုပြောရင်း သဘောတကျဖြစ်နေကြသည်။
“ကဲ မေမေ့သားလေး ကားပေါ်က မဆင်းတော့ဘူးလား။ ကျော်လင်းကိုလည်း နိုးပါဦး။သူ့ အားကိုးရမလားမှတ်ပါတယ်။ တစ်လမ်းလုံးကိုအိပ်လိုက်လာတော့တာပဲ။”
မေမေပြောတာက ငြူစူခြင်းအလျဉ်းမရှိ။ ထူး လည်း ရယ်မိကာဘေးကနေ ပါးစပ် အဟောင်း သားပွင့်ကာ အိပ်နေသည့် မေမေ့တူဝမ်းကွဲ ကျော်လင်းကို နှိုးရတော့သည်။အိပ်မှုန်စုံမွှားနှင့်ထလာ ပြီးမှ မေမေ့မျက်စောင်းကိုကြည့်ကာ သွားအဖြီးသားဖြင့်ရယ်ပြလေ၏။