နှလုံးသားခြေရာ−အပိုင်း(၇)
“အလုပ်တွေရောအဆင်ပြေရဲ့လား ကိုမြတ်”
“ပြေပါတယ်။ပရောဂျက်ကြီးတော့ နည်းနည်းတော့ ပရက်ရှာများပြီး အလုပ်လည်းများတာကလွဲ ရင် လုပ်ရကိုင်ရတာအားလုံးက ပြေတယ်။ထူးလေးရော ဒီတစ်လော ကျန်းမာရေးအခြေအနေတွေ ကောင်းရဲ့လား”
“ကောင်းပါတယ်။အစားလည်းမှန်မှန်စားတယ်။သောက်စရာရှိတဲ့ဆေးတွေလည်းသောက်တယ်။ ထူးလေးက လိမ္မာနေတယ် ဒီတစ်လော”
သားအကြောင်းပြောရပါပြီဆို နှစ်ယောက်စလုံးက တပြုံးပြုံးဖြင့် အားကြိုးမာန်တက်။
“ကိုယ်တို့သားက အရင်ကတည်းက လိမ္မာပြီးသားပါကွာ။ ဒါနဲ့ ထူးလေးရော”
“ခုနလေးတင်တစ်ပန်းကန်ခွဲစားပြီး ဗိုက်အင့်တယ်ဆို ဘယ်ရောက်သွားလဲမသိဘူး။ကဲပါ… အေးအေးဆေးဆေးစားပါ။ ထပ်ယူဦးမလား။”
ဒီနေ့ တနင်္ဂနွေပိတ်ရက်မို့ မနက်ကတည်းက ဒေါ်မြတ်မြတ်က မုန့်ဟင်းငါးထချက်သည်။ ဦးမြတ်သူရော ထူးလေးရောကပါ မုန့်ဟင်းငါးကိုစွဲစွဲမြဲမြဲကြိုက်ကြတာမို့။ဒီအနီးအနားက အိမ်တွေ လည်း ကျော်လင်းနှင့်အတူ မနက်ပိုင်းက နည်းနည်းပါးပါးလိုက်ဝေပေးသည်။တစ်ဖက်က နောင် အိမ်တော်ကိုတော့ဖြင့် သွားမပေးဖြစ်။
သို့ပေမယ့် ဒေါ်မြတ်မြတ် မသိသည်မှာ ထူးလေး တစ်ယောက် နှစ်ဆင့်ချိူင့်ငယ်လေးဖြင့် ခြံနောက်ဘက်ကိုရောက်သွားပြီဆိုတာကိုပင်။
“မေမေ့လက်ရာကတကယ်ကောင်းတာ။ကျွန်တော်က မင်းခန်းကို စားစေချင်လို့။”
ဘေးမှာချထားသည့် နှစ်ဆင့်ချိူင့်လေးကိုကြည့်ကာ မင်းခန်းက ပြုံးသည်။စမြင်ကတည်းက တက်ကြွပျော်ရွှင်နေသည့် ကောင်လေးနှင့်ပတ်သက်ရတော့ မင်းခန်းစိတ်တွေကလည်း နုပျို လတ်ဆတ်လာရသည်မှာ မလွဲမသွေ၊။ တကယ်ပဲ သူ ဒီကောင်လေးကို ဘယ်လိုအကြောင်းမျိုး နဲ့မှ ဝေးကွာပေးလိုက်ဖို့ အဆင်ပြေတော့မမှာမဟုတ်။ခုလည်း စိတ်အားတက်ကြွစွာပြောနေသည့် ထူး ရဲ့လက်လေးတစ်ဖက်ကိုလာရောက်ဆုပ်ကိုင်သည့် မင်းခန်း လက်က အေးစက် နေလေသည်။