နှလုံးသားခြေရာ−အပိုင်း(၆)
“ဖေဖေ ကျွန်တော်လိုက်ခဲ့မယ်”
မနက်မိုးလင်းကတည်းက ဦးမြတ်ကျော်နားတွင်ကပ်နေလျက် ရုံးသွားခါနီးတော့လည်း လိုက်ခဲ့မည် ဆိုသည့်သားတော်မောင်ကြောင့် ခေါ်သွားဖို့ ပြင်ရတော့သည်။
“သားရယ်.. အလုပ်ထဲမှာ ရှုပ်ကရှုပ်နဲ့။ပျင်းရင် မေမေနဲ့ စျေးလိုက်ခဲ့လေနော်။”
ဒေါ်မြတ်မြတ်ကတော့ ဝင်တားပေမယ့် ထူးလေးက ခေါင်းတွင်တွင်ခါသည်။
“ပျင်းနေပြီ မေမေကလည်း စျေးကို။ပြီးတော့ တစ်ယောက်တည်းလည်း ပေးမသွားဘူးဆို ။ကိုကျော့် ကို ခဏခဏခေါ်တော့လည်း အလုပ်ကပျက်တယ်လေ။ဒါကြောင့် ဖေဖေ့ ရုံးကို လိုက်သွားချင်လို့။ တစ်ခါမှလည်း မလိုက်ဖူးဘူး။ပြီးတော့ သားက ကလေးမှမဟုတ်တာ။ အလုပ် လုပ်နေတဲ့ ဖေဖေ့နား တဂျီဂျီ ကပ်မနေပါဘူး။”
တရှည်တလျားရှင်းပြပြီး ထူးလေးကတော့ ဘယ်သူ ဘာပြောပြောလိုက်မှာပဲမို့ စစ်စိမ်းရောင် ရှပ်လက်ရှည်လေး.. စတိုင်ပန်အနက်လေးတောင် ဝတ်ထားပြီးနေပြီ။သားဖြစ်သူကို ဦးမြတ်ကျော်က သဘောကျစွာ ရယ်ရင်း
“ကဲ.. ကဲ မင်းသားလေး သဘောကျဗျာ။ ဟုတ်ပြီလား။ရတယ် မိန်းမရေ.. သားကို ကိုယ်ခေါ်သွား လိုက်မယ်။”
နောက်ဆုံးတော့ ထူးလေးက ကျော်လင်းမောင်းသည့်ကားပေါ်တွင် ဖေဖေနှင့်အတူ ပါလာရတော့ သည်။ အိမ်မှာနေလျှင် ဟိုဘက်အိမ်ဘက်ပဲ စိတ်ရောက်နေမည်စိုးသဖြင့် ထူးလေး အိမ်မှာ မနေချင်ပါ။ကိုယ့်အခန်းပြတင်းပေါက်ကနေ ချောင်းခဲ့တုန်းကတော့ ဘယ်သူမှမမြင်။ နောင်အိမ်တော် ရှေ့ ကားဖြတ်တော့လည်း အိမ်အပေါ်ထပ် ပြတင်းပေါက်နား မသိမသာ ကြည့်လိုက်သေးသည်။
“မနေ့က ဟိုဘက်အိမ်က အမျိုးသမီးနဲ့ သား ကတောက်ကဆဖြစ်သေးတယ်ဆို”
‘ဟင်.. ဟုတ်. ဖေဖေ”
‘သားမှာ မဟုတ်မခံစိတ်လေးရှိတာ ဖေဖေသိပါတယ်။ဒါပေမဲ့ သားရယ်။ နေရာတိုင်းတော့ အဆင်မပြေနိုင်ဘူးလေနော်။ အဲ့အမျိုးသမီးနဲ့ ခပ်ကင်းကင်းနေဖြစ်အောင်တော့နေနော် သား။ အဲ့ဘက်အိမ်က သားသူငယ်ချင်းနဲ့လည်း ခင်တာလေး ကြည့်ခင်ပေါ့”
![](https://img.wattpad.com/cover/324901434-288-k427533.jpg)