Part-8

5.4K 595 23
                                    

နှလုံးသားခြေရာ−အပိုင်း(၈)

“သက်သာနေပါပြီ မေမေရဲ့။စိတ်မပူပါနဲ့။ဒီမှာကြည့် ထိုင်တောင်ထိုင်နိုင်နေပြီ။”

ဒေါ်မြတ်မြတ်က စိတ်ပူတာအနည်းငယ်လျော့သွားသလို ခုမှသက်ပြင်းချနိုင်တော့သည်။ ထူးလေးဖျားနေတာ သုံးရက်တိတိရှိပြီ။အဖျားမကျသလို ထလည်းမထနိုင်။ဘာမှလည်းမစားနိုင်ဘဲ နေ့တိုင်းဆေးသွင်းနေရတာကို ခုမှ သက်သာလာခြင်းပင်ဖြစ်သည်။

“ဒီရက်မှမသက်သာရင် မေမေတို့သားကို ဆေးရုံတင်တော့မလို့။သားဖေဖေလည်း အလုပ် နဲ့ မြို့ပြန်ရမှာ မေမေလိုက်သွားဖို့ကို သားကိုလည်းစိတ်မချ။”

“သက်သာပါပြီ မေမေရဲ့။ဖေဖေတစ်ယောက်တည်း တစ်ခုခုဆို အဆင်မပြေဖြစ်နေမှာ။မေမေ အတူတူလိုက်သွားလိုက်ပါ။ဒီမှာ ကိုကျော်ကိုပဲထားခဲ့လိုက်လေ။ရပါတယ်။”

သားဖြစ်သူကိုလည်း စိတ်မချ။ မြို့ပြန်ရင် အလုပ်ကိစ္စတွေနှင့် လုံးပမ်းနေရဦးမည့် ခင်ပွန်းဖြစ်သူကို လည်း စိတ်မချနှင့် ဒေါ်မြတ်မြတ် အတော်ရတက်ပွေရသည်။ သို့သော်လည်း ထူးလေး ဒီနေ့မှ မသက်လာရင်လည်း ဆေးရုံတင်ပြီး နေခဲ့လိုက်ဖို့ကိုသာ စဉ်းစားထားခဲ့၏။

“ရပါတယ် ဒေါ်လေး။လေးလေးက ဒီကအလုပ်အရေးကြီးတာတွေတင်ပြဖို့အတွက် ပြန်ရမှာ ဖိအားလည်းများတယ်။ ကျွန်တော်ကကျ ဒီက ကျန်ခဲ့တဲ့အလုပ်ကို လေးလေးခိုင်းတာလေး နည်းနည်းလုပ်ပေးရုံပဲကို။ လိုက်သွားလို့လည်း အဆင်မပြေတော့ ဒေါ်လေး လိုက်သွားပေးတာ ပိုအဆင်ပြေမယ်ထင်တယ်။ဒီမှာက ထူးလေး ကိုကျွန်တော်နဲ့ပဲ စိတ်ချထားလိုက်ပါ။.”

လက်မခံချင်သလိုဖြစ်နေသော ဒေါ်မြတ်မြတ်က ထူးလေး၏လန်းဆန်းနေသည့် အခြေအနေ ကိုကြည့်ပြီးစိတ်တော့နည်းနည်းအေးသွားပုံရသည်။ပြီးတော့ ကျော်လင်းကလည်း စိတ်ချရသည့်လူ မဟုတ်လား။ နောက်တော့ အိမ်ပြန်လာပြီး ခရီးဆောင်အိတ်လာယူသည့် ဖေဖေနှင့် မေမေက လိုက်သွားဖြစ်သည်။မိဘနှစ်ပါးခရီးသွားတာစိတ်ဖြောင့်အောင်  ထူး အိမ်ရှေ့ထိလိုက်ပို့နှုတ်ဆက် ခဲ့သေးသည်။ပြီးမှ အခန်းထဲပြန်ဝင်လာရင်း ပြတင်းကတစ်ဆင့် သူ ရှိနေတတ်သည့် နေရာလေးဆီ ကြည့်သည်။ ထတောင်မထနိုင်သလို သုံးရက်လုံးနီးနီး မေမေတစ်လှည့် ဖေဖေတစ်လှည့် ကိုကျော် တစ်လှည့်ဖြင့် အချိန်နာရီမပြတ် အခန်းထဲ လူမလစ်တာမို့ ထူးလေးတစ်ယောက် မင်းခန်းကိုတောင် မကြည့်နိုင်။

နှလုံးသားခြေရာWhere stories live. Discover now