နှလုံးသားခြေရာ−အပိုင်း(၉)
"အဲ့ဘက်အိမ်ကိုဘာသွားလုပ်ရပြန်တာလဲ ထူးလေးရယ်။မင်း ဟုတ်တော့ မဟုတ်သေးပါဘူး"
ကျော်လင်းမှာသာ ဂဏှာမငြိမ်ဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်လျက် ဗျများနေရသော်လည်း သက်ဆိုင်သူထူးလေးကတော့ ကုတင်ပေါ်မှာ တင်ပလ္လင်ခွေလေးထိုင်လျက် ငေးငေးငိုင်ငိုင်။ ကျောပေါ်တင်လာရတုန်းကဆို ဘယ်လောက်တောင် လန့်သွားရမှန်း သူကတော့ သိမှာမဟုတ်။ ညီအရင်းလေးလိုချစ်ရသူမို့ တစ်ခုခုဖြစ်သွားမှာကို ဒေါ်လေးတို့နှင့်ထပ်တူ ကျော်လင်းလည်း ပူပန်စိုးထိတ်ရပါသည်။ဆရာဝန်ခေါ်ပြီး ဆေးထိုးပြီး တော်တော်ကြာမှ သတိပြန်ရလာသည်မို့လို့ လည်း ပိုလို့စိတ်ပူရသေး၏။
"ဘာမှမဖြစ်ပါဘူး ကိုကျော်ရာ။ သွားပါ။သွားနားချေပါတော့။ ကျွန်တော်လည်းသက်သာနေပြီပဲကိုး"
ပြောဆိုရင်း ထူးလေးက စောင်ကိုကိုယ်ပေါ်တွင် လွှားပစ်လိုက်လျက် သူ့ကိုကျောပေးကာ လှဲအိပ်လိုက်ပြီမို့ ကျော်လင်း သက်ပြင်းချရင်း အခန်းထဲက ထွက်သွားခဲ့တော့သည်။
ကျော်လင်းအခန်းထဲကထွက်သွားတာသေချာတော့မှ ထူးလေး က ကုတင်ပေါ်ကနေ ဆင်းလိုက်ရင်း ပြတင်းပေါက်နားမှာ သွားရပ်သည်။ပြတင်းမလှပ်ခင် စိတ်ကိုပြင်ဆင်သည်။
မင်းခန်းက မည်သို့ဤပုံဖြစ်နေရပါသနည်း။ဘာလို့များ စိတ်ဝိညာဉ်တစ်ခုပဲရှိသည့်လူသားက ထူးလေးကိုကျ ထိတွေ့ကိုင်တွယ်လို့ရနေခဲ့ကာ ချစ်စကားပါဆိုနိုင်ခဲ့ရသနည်း။ပြီးတော့ မင်းခန်း..။ထူးလေး၏ကြောက်လန့်တကြားအကြည့်တွေကြောင့် နာနာကျင်ကျင်ဖြစ်သွားရသည့် မျက်နှာကို ပြန်ပြေးမြင်မိသည့်အခါ ထူးလေး စိတ်နွမ်းသွားရသည်။ထူးလေးက ဝိညာဉ်၊တစ္ဆေ ဆိုတာမျိုးတွေကို သိပ်အယုံအကြည်မရှိ၊ အကြောက်အလန့်ရှိတတ်သူမဟုတ်ပေမယ့် မင်းခန်းကို ထိုကဲ့သို့ပုံစံနှင့်မြင်လိုက်ရသည့်အခါတွင်မှသာ စိတ်ခြောက်ချားသွားရမိခြင်းဖြစ်သည်။
ယတိပြတ်ဆုံးဖြတ်ချက်ကို ချပြီးသည့်အခါ ထူးလေး ပြတင်းကိုလှပ်မည့် လက်ကိုပြန်ရုတ်သိမ်းလိုက် သည်။ တစ်ညပါပဲ။ ဒီတစ်ည ကောင်းကောင်းမွန်မွန် အနားယူအိပ်စက်စဉ်းစားပြီးသည့်အခါ မနက်ဖြန်တွင်တော့ ထူးလေး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။သူကတော့ ဆေးအရှိန်တွေနှင့် ကောင်းကောင်းအိပ်ပျော်သွားမှာ မှန်ပေမယ့် မင်းခန်းကတော့..။ အင်း.... မင်းခန်းက လူသားမှမဟုတ်လေတာ။