အပိုင်း (၁၃)

9.7K 736 42
                                    

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း (၁၃)

"အန်တီ ဒီမှာဆေး၊ရေနွေးကလည်းသိပ်မပူတော့ဘူး သောက်လို့ရပြီနော်"
"အင်း သစ်လွင်။အန်တီ့ကြောင့် မင်းတို့လည်းအတော်ပင်ပန်းနေပြီ"
"မဟုတ်တာအန်တီရယ်။အန်တီသာနေအမြန်ကောင်းအောင်လုပ်။အန်တီတစ်ခုခုဖြစ်သွားမှာ စိတ်ပူရတာက ပိုပင်ပန်းပါတယ်"
"အင်း..အန်တီလည်းအတော်ကောင်းနေပါပြီ။ဒါနဲ့..."
မေးဖို့ပြင်ပြီးကာမှ စကားစအားဖြတ်လိုက်မိသည်။သူ့ဘာသာဘာပဲလုပ်နေနေပေါ့လေ။ကိုယ်နဲ့ဆိုင်တာမှတ်လို့။နေမကောင်းနေတဲ့တစ်ပတ်အတွင်း တစ်ခွန်းလေးတောင် ဟန်ဆောင်ကာ လာမေးခဲ့တာမဟုတ်တဲ့သူကို ကိုယ်ကရော ဘာလို့ မေးနေရမှာလဲ။အသုံးချချင်ရုံသက်သက်နဲ့ပြောခဲ့တဲ့ အဲ့ဒီနေ့က စကားလုံးလှလှလေးတွေကိုရော ဘာလို့များကိုယ်ကမှတ်ထားရနေတာလဲလေ။တကယ်ဆို သူကိုယ့်ကိုမချစ်မှန်းသိနေခဲ့တာပဲမလား။ဒါတောင် ကိုယ်က သူ့ကိုသတိတရမေးချင်နေသေးသတဲ့လား။
"ပြောလေ..အန်တီ။ဘာတွေစဥ်းစားနေတာလဲ"
"ဘာမှမဟုတ်တော့ပါဘူး။အန်တီခဏနေ အပြင်သွားရအုံးမယ်"
"ဟင် အန်တီကလည်း နေဖြင့်သိပ်မကောင်းသေးပဲနဲ့။အရေးမကြီးရင် မသွားပါနဲ့လား။ဒါမှမဟုတ်ရင် သစ်လွင်ပါလိုက်ခဲ့မယ်။အန်တီ့ကိုစိတ်မချပါဘူး"
"အန်တီကနေကောင်းနေပါပြီကွယ်။ဒီနေ့ကိုကိုကြီးနဲ့တွေ့ဖို့ချိန်းထားတာရှိလို့ပါ။မသွားရင် အိမ်ရောက်လာတဲ့အခါ လွန်းဟယ်ရီနဲ့ပြဿနာဖြစ်မှာ အန်တီစိုးရိမ်လို့ပါ"
"အဲ့တာဆို သစ်လွင်ပါလိုက်ခဲ့မယ်..နော်...နော်အန်တီ"
"ဟုတ်ပြီ ဟုတ်ပြီ အဲ့တာဆိုလည်း လိုက်ခဲ့နော်။အတူသွားကြတာပေါ့"
"ဟုတ် ဒါဆို သစ်လွင်အဝတ်အစားလဲလိုက်မယ်။အန်တီ့ဖို့လည်းသွားယူပေးမယ်လေ"
"နေ..နေ..။ရတယ် အန်တီ့ဘာသာသွားယူလိုက်မယ်နော်"
"ဟုတ်..."
ဒီအပေါ်ထပ်ကိုမတက်ဖြစ်တာ တစ်ပတ်တိတိပင်ရှိချေပြီ။အောက်ထပ်သစ်လွင်အခန်းမှာပဲနေဖြစ်ခဲ့ပြီး သစ်လွင်နဲ့ဆူးက စတိုခန်းကိုရှင်းကာနေကြသည်။အခန်းတံခါးအားဖွင့်တော့ လွန်းဟယ်ရီရှိမနေပေ။ဗီဒိုထဲမှ သင့်တော်မည့်ပေါ့ပေါ့ပါးပါး ဝတ်စုံတစ်စုံအားထုတ်ကာ ကုတင်ပေါ်တင်ထားပြီး ရေချိုးခန်းဝင်ကာ ရေချိုးလိုက်မိသည်။နေကောင်းခါစမလို့အကြာကြီးမချိုးဘဲ ခပ်သွက်သွက်သာချိုးလိုက်မိသည်။
"အမြန်လိုပါတယ်ဆိုမှပဲ ဒီဇစ်ကလုပ်ပြန်ပြီ"
နောက်ဇစ်အားဆွဲနေရင်း ထစ်ကာ ဆက်ဆွဲမရတာကြောင့်စိတ်တိုစွာရေရွတ်လိုက်မိသည်။အပေါ်ကိုဆွဲတော့လည်းမရ အောက်ဆွဲလည်းမရမလို့ ကိုးလိုးကန့်လန့်ဖြစ်ကာနေသည်။တံခါးဖွင့်သံကြားတာကြောင့်ဝမ်းသာသွားရင်း...
"သစ်လွင်..အန်တီကိုဇစ်လေးဆွဲပေးပါအုံး။ဒီမှာဆွဲရင်းတန်းလန်းကြီးဆက်ဆွဲမရတော့လို့"
အပေါ်ဆွဲအောက်ဆွဲဖြင့်ဖြည်းဖြည်းချင်းလုပ်လိုက်တော့ အောက်ဆုံးထိ ဆွဲချလို့ရသွားလေသည်။
"တော်ပါသေးရဲ့...ကျေးဇူးပါရှင်"ဟုဆိုရင်း ​လှည့်လိုက်တော့ တွေ့လိုက်ရသည်မှာ သစ်လွင်မဟုတ်တာကြောင့် အံ့သြသွားရတော့သည်။
"လွန်းဟယ်ရီ...အသံမပေးဘာမပေးနဲ့"
"ကျွန်မအခန်းထဲဝင်တာ အသံပေးစရာလိုလို့လား။ပြီး ရှင်ပဲ ဘယ်သူလဲသေချာမကြည့်ဘဲ တန်းပြီးဇစ်ဆွဲခိုင်းတာလေ။"
"ဒါ..ဒါကတော့ မင်းအလုပ်သွားပြီထင်လို့လေ။အဲ့တာကြောင့် အခန်းတံခါးဖွင့်တော့ သစ်လွင်ပဲမှတ်လိုက်တာပေါ့"
"အခုသိပြီမလား။ရှင့်ကိုဇစ်ဆွဲပေးတာ ရှင့်ရဲ့ဇနီးမယားမှန်း"
မျက်ဝန်းအားစိူက်ကြည့်ရင်းပြောသည်မလို့အနည်းငယ်ရှက်ကာ မျက်စောင်းခဲပြီး လုပ်စရာရှိသည်အားဆက်လုပ်နေမိတော့သည်။တကယ်ပါပဲလေ။ခုနကထိစိတ်ဆိုးနေပြီးအခုကျ ရင်ထဲမှာလှုပ်ခတ်နေမိပြန်တော့တာပဲ။နန်းရိပ်ဟာဆယ်ကျော်သက်အရွယ်လည်းမဟုတ်ပါဘဲ အချစ်နဲ့ထိတွေ့တိုင်းလှုပ်ခတ်နေမိဆဲပင်။ဒီကလေးမနဲ့ပတ်သက်ရင် ရင်ခုန်နေမိဆဲ။
"ပြီးရင် သွားရအောင် ဒေါ်နန်းရိပ်လွှာ"
"ဟင်..ဘယ်ကို"
သစ်လွင်နဲ့အတူ ကိုကိုကြီးဆီ သွားဖို့ပြောထားသည်မလို့ အမြန်ပင်မေးလိုက်ရသည်။နန်းရိပ် ကုမ္ပဏီသွားဖို့ပြင်နေတယ်လို့ပဲ သူထင်နေတာလား။ဒီလိုသာဆိုခက်ချေပြီပဲ။ကိုကိုကြီးဆီ သွားဖို့ပါလို့ သူ့ကိုဘယ်လိုပြောရမလဲလေ။ကိုကိုကြီးနာမည်ပြောမိသည်နှင့် ဒီကလေးမက ဝုန်းဒိုင်းကြဲပေါက်ကွဲပေလိမ့်အုံးမည်။အခုမှပဲ နန်းရိပ် ဟိုမလုပ်သာဒီမလုပ်သာဖြင့် ဘာလုပ်ရမှန်းမသိတော့ပေ။
"အခု ဘယ်ကိုသွားဖို့ပြင်တာလဲ။ကုမ္ပဏီသွားဖို့မဟုတ်ဘူးလား"
"အင်း...ဟုတ်..ဟုတ်တယ်လေ။ဒါပေမဲ့ တို့ဘာသာကားမောင်းသွားမယ်လေ။မင်စလည်းမင်းကုမ္ပဏီမင်းဘာသာသွားပေါ့"
"ကျစ်...မေ့ပြန်ပြီလား။ကျွန်မ ရှင့်ကုမ္ပဏီမှာပဲ လိုက်နေမှာပါဆို။ကုမ္ပဏီတစ်ခုလုံးတောင်လက်ခံနေကြပြီ"
"မင်း...မင်းကတော့လေတကယ်ပါပဲ။တို့ကုပ္မဏီမှာနေရာလွတ်မရှိဘူး။မင်းကအပိုလူဖြစ်နေမှာပေါ့"
"အဟင်း..ရှင်ကရယ်ရတာပဲ။ကုမ္ပဏီပိုင်ရှင်ရဲ့အမျိုးသမီးက ရာထူးယူဖို့လွယ်လွယ်လေးပါ။နောက်ပြီး ကျွန်မက ရှင့်ရဲ့ဘေးမှာအမြဲရှိနေမှာ။ရှင်ဘယ်သွားသွားပေါ့။ဒီနေ့က ကျွန်မအလုပ်စဆင်းတာလေ"
တစ်စုံတစ်ခုအား ချက်ချင်းသတိရကာ သူ့အားဆတ်ကနဲကြည့်လိုက်ရင်း
"မပြောနဲ့နော်...မင်း..မင်းငါ့ရဲ့အတွင်းရေးမှူးနေရာယူလိုက်တယ်လို့"
အထိတ်ထိတ်အပြာပြာဖြစ်သွားသည့်အမျိုးသမီးအား.ကြည့်ကာ ဟယ်ရီ အလှပဆုံးပြုံးပြလိုက်မိသည်။အနီးဆုံးမှာနေမှပဲ တစ်ချို့ကိစ္စတွေဟယ်ရီ သိရမယ်မလားလေ။အဲ့ဒီအမျိုးသမီးပြောသလို သူများပြောတာမယုံဘဲ ကိုယ်တိုင်ရှာဖွေဖို့အချိန်ကျပြီပဲ။
"ဒေါ်နန်းရိပ်လွှာလို့မပြောရဘူးနော်။ချက်ချင်းသိတော့တာပဲ။ကျွန်မတော့ ဒီလိုလူကို ဇနီးမယားတော်ထားရတာ တကယ်ကံကောင်းတာပဲ"
"တော်ပါ။အဲ့ဒီစကားခဏခဏမပြောစမ်းပါနဲ့ အမြင်ကပ်စရာကောင်းအောင် တကယ်ပါပဲ။သွားမယ်"
"ဘယ်ကိုလဲ..."
"ကုမ္ပဏီကိုပေါ့။အားလုံးကလက်ခံနေပြီဆိုမှတော့ ကျွန်မက ဘယ်လိုလုပ်ငြင်းလို့ရတော့မှာလဲ။အဲ့ဒီတော့မင်းလည်းမင်းတာဝန် မင်းကျေအောင်ထမ်းဆောင်ပေါ့"
အသံထွက်ကာရယ်မိတော့ မျက်စောင်းထိုးကာသွားသည့်အမျိုးသမီး။တကယ်ပါပဲ မျက်စောင်းကတော့အတော်ကိုထိုးနိုင်တဲ့သူရယ်ပါ။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Donde viven las historias. Descúbrelo ahora