Part.5

384 55 7
                                    


Unicode



မှန်တံခါးအားထိုးဖောက်၍ ဖြာတက်လာသောနေရောင်ခြည်မှာ ကြည်လဲ့တောက်ပနေသည်။၁၅ပေပတ်လည်မျှ ကျယ်ဝန်းသောအခန်းငယ်သည် ပစ္စည်းပစ္စယများနှင့်ပြည့်နေလျက် ရှုပ်ပွလို့နေသည်။အခန်းတွင်း၌ ပျံ့ကျဲနေသော ဆေးလိပ်ပြာမှုန့်များသာမက အဝတ်အစားတစ်ချို့ကိုလည်းကိုလည်း တွေ့ရသည်။

ကြမ်းပြင်ပေါ်ရှိ ဂွမ်းစောင်အခင်းပေါ်၌ အိပ်စက်နေသော ထယ်ယောင်းမှာ ခတ္တလူးလွန့်လာပြီးနောက် ပြန်၍ငြိမ်သက်သွားသည်။သူ့ရဲ့စိတ်အစုံကနိုးထနေသော်လည်း ခန္ဓာကိုယ်မှာလေးပင်လျက် ထဖို့ရာခဲယဥ်းနေသည်။ညတုန်းက သူရှိတဲ့နေရာကို ဟိုဆော့တို့ကအရက်ပုလင်းများနှင့်အတူရောက်လာခဲ့တာ​ကြောင့် ဝိုင်းတည်၍သောက်ဖြစ်သွားသည်။အကျိုးဆက်အနေဖြင့် ယခုတွင်ခေါင်းတစ်ခုလုံးလေးပင်ထုံထိုင်းလျက်ရှိသည်။

တောက်ပလွန်းတဲ့နေရောင်ခြည်က မျက်နှာပေါ်ကိုကျရောက်လာတဲ့နောက်မှာတော့ ထယ်ယောင်းအိပ်နေရာမှ ထထိုင်လိုက်ရတော့သည်။ခေါင်းကိုက်တာ သက်သာလိုသက်သာငြား မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်ဖိနှိပ်၍ မျက်ဝန်းအားစုံမှိတ်ထားလိုက်သည်။စက္ကန့်ပိုင်းမျှကုန်ဆုံးပြီးနောက် ထိုင်ရာမှထရပ်ကာ တင်လျှောနေသည့် ဂျင်းဘောင်းဘီအားခါးထိဆွဲတင်၍ ရေချိုးခန်းရှိရာသို့လျှောက်သွားလိုက်သည်။သူ့ခေါင်းထဲမှာလည်း 'ဒီနေ့တော့ ဦးလေးရဲ့ဝပ်ရှော့ကိုသွားရမယ်'ဆိုသည့်အတွေးက အတူလိုက်ပါလို့လာသည်။

ဦးလေးဖြစ်သူပိုင်တဲ့ဝပ်ရှော့ကို ထယ်ယောင်းကအလုပ်လုပ်ချင်တဲ့နေ့သွားပြီး မလုပ်ချင်တဲ့နေ့ဆိုဆိုင်ကယ်တစ်စီးနဲ့ အလေလိုက်နေကျဖြစ်သည်။သူ့ရဲ့ဦးလေးကလည်း တစ်ဦးတည်းသောရှိတဲ့တူလေးမို့ထင်ပါတယ်။ထယ်ယောင်းအလုပ်လာတဲ့နေ့ လုပ်အားခပေးသလို မလာတဲ့နေ့မှာလည်း မလာရကောင်းလားဆိုပြီး ပြစ်တင်ကြိမ်းမောင်းတာမျိုးတစ်ခါမျှမရှိခဲ့ပေ။မွေးပြီးလအနည်းငယ်မှာပဲ မိခင်ဆီကနေစွန့်ပစ်ခံလိုက်ရတဲ့သူ့ကို အဖေတစ်ယောက်တည်းကသာ ကြိုးစားရုန်းကန်ပြီးကျွေးမွေးခဲ့သည်။အချိန်ကြာလာတာနဲ့အမျှ လူ့လောကဓံကို အံမတုနိုင်တော့တဲ့အဖေက ထယ်ယောင်းလူပျိုပေါက်အရွယ်မှာပဲ ဆုံးပါးသွားရှာသည်။

'နှလုံးသားဝယ် မင်းမူစေ'Where stories live. Discover now