Unicode
ဆော့ဂျင်နှင့်ဂျောင်ကုသည် နမ်ဂျွန်းမောင်းနှင်ရာကားပေါ်၌ငြိမ်သက်စွာဖြင့် လိုက်ပါလာပြီး အချိန်အတန်ကြာသော် ကားလေးသည် ကြီးမားသောခြံဝန်းကြီးထဲ၌ ဖြည်းညင်းစွာဖြင့်ရပ်တန့်သွားသည်။ကားတံခါးအားဖွင့်ကာ အပြင်သို့ခြေချလိုက်သည်နှင့် မြက်နုနုလေးများမှာခြံဝန်းအပြည့်စိမ်းစိုနေသည်။အလှမ်းအနည်းငယ်လောက်က မှန်ချပ်ကြီးများဖြင့်ကာရံထားသည့် တိုက်အိမ်ကြီးကို ဂျောင်ကုကြည့်ကာ ကင်မ်ထယ်ယောင်းရဲ့အိမ်ဖြစ်နိုင်ကြောင်း တွေးတောနေမိ၏။
"ဘာလဲ~~~အစ်ကိုထယ်ယောင်းက အစ်ကို့အိမ်မှာရှိနေတာလား"
အံ့အားသင့်သလိုပြောလာတဲ့ ဆော့ဂျင်ရဲ့အမေးကြောင့် ဂျောင်ကု သူ့ရဲ့အတွေးတို့မှားနေကြောင်းသိလိုက်သည်။တစ်ဆက်တည်းမှာပဲ အစ်ကိုနမ်ဂျွန်းရဲ့အိမ်ကိုကြည့်ပြီး ဆော့ဂျင်တို့အသိုင်းအဝိုင်းမှာ တော်ရုံမဟုက်ကြောင်း ခန့်မှန်းမိလိုက်၏။
"ကိစ္စရှိလို့ ခေါ်ထားတာ..............အော်~လာလေ!~~မင်းတွေ့ချင်နေတဲ့ ထယ်ယောင်းက အထဲမှာရှိတယ်"
နမ်ဂျွန်းသည် ဂျောင်ကုဘက်ကိုလှည့်၍ တမင်လုပ်ယူပြုံးပြကာ ပြောလာသည်။နမ်ဂျွန်းကိုကြည့်ပြီး ဂျောင်ကုစိတ်ထဲကနေ သူကထယ်ယောင်းကို တွေ့ချင်လွန်းနေတာမဟုက်ကြောင်း ပြန်လည်ရှင်းပြနေမိသည်။သူ့မျက်နှာကအလိုမကျမှုကြောင့် မျက်ခုံးတန်းကအနည်းငယ်တွန့်ချိုးသွားသော်လည်း နူတ်ခမ်းလွှာမှာ စေ့ပိတ်လျက်ပွင့်ဟလာခြင်းမရှိပေ။
ဆော့ဂျင်နှင့်ဂျောင်ကုသည် အရှေ့မှခြေလှမ်းကျဲကြီးများဖြင့်လှမ်းနေသည့် နမ်ဂျွန်းရဲ့နောက်ကနေ ခပ်သွက်သွက်လေးလိုက်နေရ၏။ဂျောင်ကုမှာ လွယ်အိတ်ကြိုးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ နမ်ဂျွန်းနှင့်အတူ အိမ်ကြီးထဲသို့လိုက်ဝင်သွားသည်။အိမ်ကြီးမှာ ကျယ်ဝန်းလှပြီးအမြင်ရှင်းလွန်းလှသည်။ထင်ထားသမျှလွဲကာ ကင်မ်ထယ်ယောင်းကိုလည်းမတွေ့ရပေ။သူတို့သုံးယောက်ကလွဲလို့ လူတစ်ယောက်တစ်လေပင်ရှိမနေခဲ့ပါ။
