အခန်းတံခါးခေါက်ပြီးမှ ကျွန်မရှေ့တွင် ပေါ်လာမည့်မြနန္ဒာကိုမြင်ယောင်ပြီး ငါခေါက်မိတာမှားသွားပြီဟုတွေးကာ နောင်တရချင်သွားသည်။ရင်ကလည်း နည်းနည်းခုန်ချင်သည်။
"ဟင်"
တံခါးနောက်တွင် ပေါ်လာသူမှာ မြနန္ဒာနှင့်တူပြီး မြနန္ဒာတော့မဟုတ်ပါ။ဒေါ်မြမာလာလည်းမဟုတ်ချေ။"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
အသံကတော့ မြနန္ဒာနှင့်ဆန့်ကျင်စွာ နွေးထွေးပြီး၊အပြုံးကဖော်ရွေသည်။အဲ...မြနန္ဒာလိုပဲလှသည်။မြနန္ဒာနှင့်လည်း သိပ်တူသည်။
"အို မမကေသီ၊လာလေ"
ပိုင်ပိုင်က သူ့နောက်မှပေါ်လာကာ ကျွန်မကို ခေါ်သည်။"မေသန္တာ၊ဒါရှေ့ခန်းက ပိုင်ပိုင်နဲ့ခင်နေတဲ့အစ်မကေသီလေ"
ပိုင်ပိုင်က ထိုအမျိုးသမီးကိုလှည့်ပြောသည်။
"ဟုတ်လား၊လာလေ ညီမ၊ထိုင်၊အစ်မသောက်
စရာတစ်ခုခုသွားလုပ်လိုက်မယ်"ကျွန်မ တားချိန်ပင်မရလိုက် ၊ထိုအမျိုးသမီးမီးဖိုခန်းဖက် ဝင်သွားသည်။ပိုင်ပိုင်သည် ခေါင်းကို dryerဖြင့်မှုတ်နေရင်း ကျွန်မရှေ့တွင်ဝင်ထိုင်သည်။
"ပိုင့်ပိုင့်အဒေါ်လေ မမ၊မြသန္တာတဲ့၊ပိုင်ပိုင်ကတော့မေသန္တာလို့ပဲခေါ်တယ်၊မေမေထက်ငါးနှစ်ကြီးတယ်"
"လာနေပေးတဲ့အဒေါ်ဆိုတာမဟုတ်လား"
"ဟုတ်တယ်မမ၊ပိုင်ပိုင်မွေးနေ့တုန်းက ခရီးလွန်နေလို့ ခုမှ မွေးနေ့လက်ဆောင်လာပေးတာ"
မြသန္တာသည် ကျွန်မအတွက် သောက်စရာလာချပေးရင်း ပြုံးပြသည်။
"ပိုင်ပိုင်ကညီမအကြောင်းပြောပြပါတယ်၊သူ့အမေမြနန္ဒာက သူ့အလုပ်နဲ့သူမအားတတ်တော့ ပိုင်ပိုင့်ကိုစောင့်ရှောက်ပေးဖို့အကူအညီတောင်းပါရစေ၊တစ်ခုခုဆိုရင်အစ်မကိုဖုန်းလှမ်းဆက်လိုက်ပါကွယ်"
"ရေခဲသေတ္တာထဲမှာ အစုံဖြည့်ထားခဲ့တယ်နော်ပိုင်ပိုင်၊အဲဒီဆံပင်ကိုမြန်မြန်ခြောက်အောင်လုပ်စမ်း၊မေသန္တာသွားပြီနော်"
"ဟုတ်ကဲ့ပါ မေသန္တာရဲ့၊မေသန္တာ ကားကိုဖြည်းဖြည်းမောင်းနော်၊တ့တာ"
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...