တရိပ်ရိပ် တက်လာသောလရောင်အောက်တွင် အဝေးဆီမှ အိမ်များသည် ထင်ရှားလာသည်။
တချက်တချက်တွင် ထွက်ပေါ်လာတတ်သော ညဥ့်ငှက်၏အော်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်၍နေပေသည်။ညနတ်သမီးသည် မြူပုဝါကို ခြုံထားလေသည်။ဆောင်းလေအဝှေ့တွင် ပုဝါစသည် လွင့်၍လာပေသည်။အချိန်အားဖြင့် ညဆယ်နာရီကျော်ရှိပြီ။ပိုင်ပိုင်သည် မြနန္ဒာလက်ဆောင်ပေးထားသည့် ကင်မရာဖြင့် မြင်သမျှလိုက်ရိုက်နေ၏။ကျွန်မနှင့် မြနန္ဒာသည် စကားမပြောမိကြဘဲ ပိုင်ပိုင့်ကိုသာငေးကြည့်နေမိကြသည်။ဖေဖေနှင့် မေမေသည် အိပ်ချိန်ရောက်၍ အိမ်ပေါ်သို့တက်သွားလေပြီ။ကျွန်မတို့သုံးယောက်သာ အိမ်ရှေ့မြက်ခင်းပြင်ရှိ စားပွဲဝိုင်းတွင် ကျန်ရစ်ခဲ့ကြသည်။
အေးလာသည် ထင်ပါ၏။မြနန္ဒာလက်ပိုက်လိုက်သည်ကိုတွေ့ရသည်။ကျွန်မသည် ဆွယ်တာတစ်ထပ်ဝတ်ထားသော်လည်း မြနန္ဒာနှင့်ပိုင်ပိုင်သည် အပြင်ခံဝတ်မထားချေ။အိမ်ထဲဝင်ပြီး ပိုင်ပိုင်အတွက် ငြိမ်း၏ဆွယ်တာတစ်ထည်နှင့် မြနန္ဒာအတွက် မေမေဝယ်ပေးထားသည့် မသုံးရသေးသော အပြာနုရောင်ခြုံပုဝါတစ်ထည်ယူလာခဲ့သည်။
ပုခုံးပေါ်တွင် ပုဝါလွှမ်းပေးလိုက်သည့်အခါ မြနန္ဒာသည် ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြသည်။ ကင်မရာသံတဖြတ်ဖြတ်ကြား၍ လှည့်ကြည့်တော့ပိုင်ပိုင်သည် ကျွန်မတို့နှစ်ယောက်ကိုအမိအရ ဓာတ်ပုံရိုက်နေလေသည်။
"မမ ကြည့်ကြည့်၊မိုက်တယ်မလား၊ဒီလိုအပြုံးတွေအကြည့်တွေဆိုတာ တမင်လုပ်ယူလို့မရဘူး၊ဒီလိုအခိုက်အတန့်မျိုးကိုမှတ်တမ်းတင်နိုင်ဖို့ဆိုရင် ကင်မရာမန်းကကြည့်တတ်ပြီး မျက်စိလျှင်ဖို့လည်းလိုတယ်"
ပိုင်ပိုင်သည် အောင်နိုင်သူအပြုံးဖြင့် သူ့ကိုယ်သူဂုဏ်ယူနေတော့သည်။မြနန္ဒာကတော့ ပိုင်ပိုင့်ကိုပြုံးကြည့်နေသည်။တကယ်ပင် မြနန္ဒာအားပုဝါခြုံပေးချိန်ကို ပြည့်ခါစ လ ပုံနောက်ခံနှင့် ကွက်တိရိုက်မိထားလေသည်။
ဒီကောင်မလေး ဘယ်တုန်းကဘယ်လိုမြင်လိုက်သလဲမသိ။ပိုင်ပိုင်သည် မြနန္ဒာကိုလည်း ပြလိုက်သေးသည်။မြနန္ဒာသည် ပိုင်ပိုင့်ကို၍ချီးကျူးလေသည်။အခုလို လူအများနှင့်မိသားစုကဲ့သို့ နေရသဖြင့် ပျော်နေသော ပိုင်ပိုင်ကိုကြည့်၍ မြနန္ဒာပျော်သလို ကျွန်မလည်းပျော်နေမိပါသည်။
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...