"ကျွန်မ တစ်ယောက်တည်းဖြစ်တယ်နော်မြနန္ဒာ၊ရှင်သွားနားလို့ရတယ်"
မြနန္ဒာကို အနားမှာ ရှိနေစေချင်သော်လည်း တကယ်တမ်းကျတော့ နှင်နေမိသည်။
"ဘယ်လို တစ်ယောက်တည်းဖြစ်မှာလဲ၊ဒီလောက် အပူကြီးနေတာကို"
"နည်းနည်းကျသွားပါပြီ၊ရှင်အိပ်ရေးပျက်မှာစိုးလို့ပါ"
"မပျက်ပါဘူး၊အခုမှ ရှစ်နာရီကျော်ပဲရှိသေးတယ်၊အိပ်ပျော်အောင်အိပ်လိုက်ဦး၊တို့စောင့်နေပေးမယ်"
"ပိုင်ပိုင်ရော ဘာလုပ်နေလဲ"
"ပိုင်ပိုင် သန္တာနဲ့လိုက်သွားတယ်၊မေမေတို့အိမ်ကိုလေ"
"ရှင် သွားခွင့်ပေးလိုက်တာလား"
"အင်း ၊ပိုင်ပိုင်က သိပ်သွားချင်နေတာလေ၊ပိုင်ပိုင်ဟာ မောင်နှမလည်းမရှိတော့ လူတွေကို သိပ်ခင်တွယ်တာ၊အဖိုးအဖွားဆိုတာလည်း အရင်ကမရှိခဲ့ဘူးမဟုတ်လား"
"ပိုင်ပိုင့်မှာ ချစ်သူတွေဘာတွေမရှိသေးဘူးလား"
မြနန္ဒာ အသံတိတ်သွားသည်။
" ရှိချင်လည်းရှိမှာပေါ့လေ၊ကဲ ကေသီ ၊အိပ်ပျော်အောင်အိပ်လိုက်ကွယ်၊သိပ်စကားများတာပဲ၊ဒီအချိန်မှာ ကေသီကလူနာနော်၊ဒေါက်တာမဟုတ်တော့ဘူး"
မြနန္ဒာ သည် ကျွန်မကို ဆူတော့သည်။မျက်စောင်းလှလှကလေးကို ငေးကြည့်၍ ကျွန်မ ပြုံးမိသည်။
"ဟော ၊ဘာပြုံးတာလဲ"
"လူနာကို ဒီလိုပဲဆူရသလား"
"မဆူတော့ပါဘူး မမလေးရယ်၊တို့ဝရန်တာမှာ သွားစောင့်နေမယ်၊အိပ်ပျော်အောင်အိပ်လိုက်"
မျက်ဝန်းများမှိတ်ချလိုက်သောအခါ မြနန္ဒာ၏ ပုံရိပ်များသာပေါ်လာသည်။မြနန္ဒာ ကျွန်မအနားမှာ မရှိတော့မှ ခေါင်းကိုက်တာ ပိုဆိုးလာသည်။အိပ်ပျော်တဝက် နိုးတဝက်ဖြင့် လှူးလိမ့်ရင်း။ မြနန္ဒာ ကျွန်မအနားမှာနေရင်း ရေပတ်တိုက်ပေးနေသည်ကို သိနေသော်လည်း ဘယ်အချိန်က အိပ်ပျော်သွားလဲမသိလိုက်ပါ။
ကျွန်မနိုးလာသည့်အခါ နေရောင်မြင်နေရပြီ။ခေါင်းထဲတွင်ညကနှင့်မတူဘဲ ကြည်လင်နေသည်။ကျွန်မ အခန်းထဲရှိစားပွဲပေါ်မှ အဖြူရောင်နှင်းဆီပန်းများ၏ ရနံ့သည် အခန်းထဲတွင် မွှေးပျံ့နေလေသည်။မြနန္ဒာ တင်ထားတာဖြစ်လိမ့်မည်။ယခင်က စားပွဲပေါ်တွင် ပန်းစိုက်အိုး မထားဖြစ်ခဲ့။
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...