Unicode
𝗧𝗶𝗺𝗲 𝗕𝗮𝗰𝗸 𝗦𝘁𝗮𝗿𝘁 🔙
ဆဌမတန်းပြီးဆုံးသော နွေရာသီကျောင်းပိတ်ရက်တွင် ရှူ့ မေမေ့အား သတ္တမတန်းအတွက် စာကြိုသင်ချင်ကြောင်းပြောကာ အိမ်မှာပဲ ဆရာမနှင့် တစ်ယောက်တည်းသင်သည်။ လူများတာကို မကြိုက်သလို တစ်ဖက်လူနှင့် အဆင်ပြေအောင် စကားမပြောတတ် မပြောချင်တာဆိုလျှင် ပိုမှန်မည်။ တစ်ဦးတည်းသော သားဖြစ်သောကြောင့် တစ်ယောက်တည်းနေရတာ ပိုနှစ်သက်သည်။
ရှူ့ အကြောင်းသိသော မေမေသည် နွေရာသီသုံးလလုံး ခရိုင်အားကစားကွင်းတွင် wushu(ဝူရူး) သင်တန်းတက်လျှင် ရှူ့ လိုချင်သော ပြိုင်ဘီးလေးအား ဝယ်ပေးမည်ဆိုသောကြောင့် သင်တန်းတက်ဖို့လက်ခံလိုက်ရသည်။ သင်တန်းသည် ညနေ သုံးနာရီမှ ငါးနာရီခွဲအထိ ဖြစ်သောကြောင့် မေမေကိုယ်တိုင် အပို့ / အကြို လုပ်ပေးသည်။ နောက်ရက်တွင် မေမေ့ ကတိအတိုင်း ပြိုင်ဘီးလေးဝယ်ပေးသည်မို့ မေမေ့အား
ကားဖြင့်မပို့ခိုင်းတော့ဘဲ စက်ဘီးဖြင့်သာသွားတော့သည်။အိမ်နှင့် အားကစားကွင်းသည် အနည်းငယ်လှမ်းသောကြောင့် နှစ်နာရီခွဲလောက်ကတည်းက အိမ်မှအမြဲထွက်သည်။ ကားရှင်းသော လမ်းကြားအချို့တွင် ရှေ့ဘီးထောင်ဖို့ရာမမေ့။ပြိုင်ဘီးလိုချင်သော
ရည်ရွယ်ချက်ဟာ ရှေ့ဘီးထောင်ဖို့ပင်ဖြစ်သည်။ ကိုယ်တိုင်က အချိန်လေးစားသူဖြစ်သောကြောင့် သုံးနာရီမထိုးခင် ငါးမိနစ်အလိုတွင် အားကစားကွင်းသို့ရောက်သည်။"ရှူ့ရှိန်းက အမြဲတမ်း ဒီအချိန်ဆို ရောက်လာတာပဲ"
"ဟုတ်တယ် ကိုဘုန်းထွဋ်"
ကိုဘုန်းထွဋ်က ပြောလာသည်မို့ ရှူ့ပြုံးပြရင်းသာဖြေလိုက်ပြီး အဝတ်သွားလဲလိုက်သည်။ အိမ်မှာသာ မေမေနှင့် စကားဖောင်ဖွဲ့အောင်ပြောပေမယ့် အပြင်လူနဲ့ဆို ရှု့ခပ်တိုတိုသာပြောသည်။ သင်တန်းသူ/သား ဆယ့်ငါးယောက်ရှိပြီး ထိုထဲတွင် ခုနှစ်တန်းကျောင်းသား ရှူ့ဟာ အငယ်ဆုံးဖြစ်သည်။
ကိုဘုန်းထွဋ်မြတ်ကတော့ ဆယ်တန်းကျောင်းသားဖြစ်သည်။