Part 7

1.3K 81 8
                                    

Unicode

စတုရန်းပုံကျယ်ဝန်း​သော ခြံဝန်း၏အလယ်တည့်တည့်၌ တည်​ဆောက်ထား​သော နှစ်ထပ်တိုက်ကြီးသည် အဝါနု​ရောင်မှတစ်ဆင့် ​ဖျော့​တော့​သော ခပ်ဝါဝါက​လေးပင် ကျန်ရှိ​နေပုံမှာ ကြာရှည်ပြီဖြစ်​သော ​ရှေးအ​ဆောက်အဦ၏ သက်​သေဖြစ်​နေသည်။ ​ရှေးလက်ရာအဖြစ် ပုံမပျက်ရှိ​နေခြင်းက အ​မွေအနှစ်အား ရို​သေစွာ ထိန်းသိမ်းထားပုံပင်။ ခြံဝန်းကို ပတ်ပတ်လည် ကာရံထား​သော အုတ်တံတိုင်းသည်လည်း အရောင်မှိန်မှိန်လေးသာ ကျန်တော့သည်။ တိုက်၏ အပေါ်ထပ် မျက်နှာစာတွင် "ပဒေသာ" ဟူသော နာမည်အား ထွင်းထုထားသည်။ တိုက်ရှေ့ တံခါးဝမှ ခြံဝန်းထဲသို့ ခြေချလိုက်သည်နှင့် မြန်မာလူမျိုးတို့အကြိုက် သင်းပျံ​​သော လက်ဖက်နံ့က ဆီးကြိုနေသည်။

ဧည့်ခန်းအတွင်းရှိ ကျွန်းညိုရောင် ထိုင်ခုံကြီးများက ခန့်ညားမှုကို ဖော်ပြကာ ကျောမှီတွင် ကြိမ်လေးများဖြင့် ပန်းအကွက်သေးသေးလေးများ ကွပ်ထားပုံက လက်ဝင်ပုံကို ထင်ဟပ်စေသည်။ ထိုင်ခုံများ၏ အလယ်ဗဟိုတွင် ကြီးစိုးထားသော ကျွန်းညိုရောင် စားပွဲပေါ်တွင် မှန်အကြည်လေးက အကျအန နေရာယူထားသည်။ဧည့်ခန်းရှိတစ်ဖက်တွင် ကနုတ်ပေါင်းများစွာဖြင့် ရုပ်လုံးဖော်ထားသော မှန်ဗီရိုကြီးထဲတွင် ခန့်ညားစွာနေရာယူထားသော ​ရွှေ​​ရောင်ပန်းယွန်းအုပ်သည် ရွှေယွန်းဖြင့် အလှဆင်ထားပြီး ရောင်စုံဖန်ကွက်များနှင့် ထပ်ကာထပ်ကာ ဒီဇိုင်းများဖြင့် အလှဆင်ထားသည်။

ယွန်းအုပ်၏ အဖုံးပေါ်တွင် ဒဏ္ဍာရီလာ တိရစ္ဆာန်များနှင့် တောက်ပနေသော စိန်နှင့်ပတ္တမြား,များဖြင့် ထည့်သွင်းထားသည်။ အဖုံး၏ ထိပ်တွင် ကံကောင်းသည်ဟု ယူဆထားသော ဟင်္သာငှက်ရှိပြီး ငှက်၏ တောင်ပံနှင့် အမြီးတို့သည် ယွန်းသတ္တုဖြင့် ပြုလုပ်ထားသည်။ အခြားယွန်းထည်ပစ္စည်းများဖြစ်သော ရုပ်စုံကွမ်းအစ် ၊ ရုပ်စုံလင်ပန်း ၊ ရွှေရေးပန်းစိုက် ၊ ယွန်းတောင်း ၊ ယွန်းချိုင့် ၊ ယွန်းသေတ္တာ တို့ဖြင့် ပြည့်နှက်ကာ မျက်စိမလွှဲချင်လောက်အောင်ပင် ရှေးလက်ရာများက ညှို့ငင်နေသည်။

ပိုင်ဆိုင်မှု Where stories live. Discover now