Unicode
ဘုန်းကြီးကျောင်းအတွင်း များစွာသော ဧည့်ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်နေသည်။ မေမေသည် တစ်မိသားစုလုံးအတွက် သခွားမှည့်ရောင် ပိုးထည်တို့ကို စီစဥ်ပေးထားသည်။
ဆံထုံးပေါ်တွင် သစ်ခွပန်း ဖွေးဖွေးများ နေရာယူထားပြီး ပိုးထည် ရောင်ကြောင့် မေမေ၏ အသားဝင်းဝင်းသည် ပိုလို့ပင်ကြည့်ကောင်းနေသည်။ ရိုးရိုးလေးသာ အမြဲဝတ်ပြီး သနပ်ခါးသာ လိမ်းလေ့ရှိသော တီလဲ့သည် မိတ်ကပ်အနည်းငယ်ဖြင့် ချယ်သထားသောကြောင့် ကျက်သရေရှိလှသည်။ အယုတ်အလတ် အမြတ် မရွေး ကျွေးမွေးဧည့်ခံသောကြောင့် ကျောင်းဝင်းအတွင်း စည်းကားနေသည်။ဒေါ်ခိုင်ခင်ခန့်သည် စားပွဲတိုင်းရှိ အသိမိတ်ဆွေများဆီသို့ သားဖြစ်သူ လက်အားဆွဲကာ နှုတ်ဆက်ရင်း ဧည့်ဝတ်ကျေစေသည်။ တစ်ဦးပြီးတစ်ဦး နှုတ်ဆက်ရပြီး လူများသောကြောင့် ရှူ့ပင်ပန်းလာသည်။ ဝတ်ထားသော ရှင်လောင်းဝတ်စုံများကြောင့်လည်း နေရတာက မသက်သာ။ နွေရာသီဖြစ်သောကြောင့် လူငွေ့များဖြင့် ပူအိုက်ပြီး ခေါင်းမူးနေသည်။
"မေမေ့..."
အနည်းငယ် ချွဲသောအသံဖြင့် မေမေ့ လက်အားတို့၍
"သား ကျောင်းရှေ့ထွက်နေလို့ ရလား လူရှင်းတဲ့နေရာလေး ပူနေလို့"
"သွားလေ သားငယ်က ချွေးတွေထွက်နေတာပဲ"
ရှူ့နဖူးပြင်အား tissueဖြင့် ယုယုယယ သုတ်ပေးရင်း ပြောလာသည်။
"သားတည် လာတာမြင်လား"
"သားတော့ မမြင်သေးဘူး တီလဲ့မေးကြည့်လေ
မေမေ"ကျောင်းဆောင်အတွင်းမှ ထွက်လာကာ အရိပ်ကောင်းသော သရက်ပင်အောက်ရှိ သစ်သားခုံတန်းပေါ်တွင် ထိုင်နေသည်။ ကျောင်း၏ နောက်တွင်ဧရာဝတီ မြစ်ရှိနေသဖြင့် မြစ်ဘက်မှ တိုက်ခတ်လာသော လေများကြောင့် လည်းကောင်း နွေဦးတွင် လေရူးလေးများ တိုက်ခတ်နေသောကြောင့် လည်းကောင်း အနည်းငယ်သက်သာသွားသည်။ စိတ်ထဲတွင်လည်း တစ်ခုခုအား မျှော်နေသည်။
" ကိုးဆယ့်ငါး ကိုးဆယ့်ခြောက် ကိုးဆယ့်ခုနှစ်
ကိုးဆယ့်ရှစ် ကိုးဆယ့်ကိုး တစ်ရာ "
![](https://img.wattpad.com/cover/331977450-288-k83774.jpg)