Unicode
***မြို့ လမ်းမကြီး ဘေးရှိ ကုတင် နှစ်ရာဆံ့
အထွေထွေရောဂါကု ဆေးရုံအတွင်းသို့
ပြိုင်ဘီးလေးစီးကာ ဝင်လိုက်သည်။
အုတ်တံတိုင်းဘေးရှိ အရိပ်အာဝါသကောင်းသော မန်ကျည်းပင်အောက်တွင် စက်ဘီးများရပ်ထားသည်ကြောင့် ထိုနေရာတွင် အရှိန်သတ်ကာ စက်ဘီးရပ်လိုက်သည်။စက်ဘီးတန်းများအဆုံး အမိုးအောက်တွင် ရပ်ထားသည့် ကားအဖြူလေးသည် ဟိုလူကြီး ကားဖြစ်မည်။ ဦးနှောဏ်က အတင်းမှတ်ထားတာမျိုး မဟုတ်ပေမယ့် ရှူ့တို့မြို့ငယ်လေးတွေ ကားစီးနိုင်သူက ခပ်ရှားရှား။
ထိုထဲမှ ဟိုလူကြီးကားသည် မြင်ဖူးသမျှ ကားများထက် တန်ဖိုးကြီး ပစ္စည်းဟု ပြောင်လက်နေသော ကားဖြူလေးက ထင်ရှားနေသည်။အညိုရောင်စက္ကူအိတ်အား လက်မှဆွဲ၍ ဆေးရုံ၏ ပြင်ပလူနာဌာနဘက်သို့ ဦးတည်လိုက်သည်။ အဆောင်အတွင်းသို့
ဝင်လိုက်သည်နှင့် ပထမဆုံး သတိထားမိသည်က ပိုးသတ်ဆေးနံ့ ၊ ဆေးရုံနံ့ ကြောင့် နှာခေါင်း တစ်ချက်ရှုံ့လိုက်သည်။ မေမေခိုင်းလို့သာ လာရပေမယ့် လူထူထပ်သော နေရာတွေဆို မသွားချင်။ မေမေ့၏ "သားငယ် သင်တန်းသွားရင်း ဝင်ပေးခဲ့နော်" စကားကြောင့်သာ...."ဆရာမ ခင်ဗျ"
ခပ်သွက်သွက် လမ်းလျှောက်လာသော သူနာပြု ဆရာမအား ရှူ့ပြုံးပြရင်း ခေါ်လိုက်သည်။
"အေး ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး... ဘာမှမဖြစ်ပါဘူးခင်ဗျ နေကောင်းပါတယ် ခင်ဗျ"
"ဟုတ်ပြီ ဒါဆို သား ဘယ်သူ့ဆီလာတာလဲ လူနာ လာမေးတာလား"
ဆရာမ မေးလိုက်သည့် စကားများတွင် တစ်ခုမှ မနီးစပ်ပေ။ လက်ထဲမှ အိတ်အား မြင်လိုက်ပြီး ထပ်ပြောလာသောစကားသည်လည်း တလွဲ။ ရှု့ ကိုယ်တိုင်ပြောမှ ရတော့မည်။
"ဒေါက်တာ တည်စေမင်းနဲ့ တွေ့ချင်လို့ပါ ခင်ဗျ"
"အော် ဆရာ့ဆီလာတာလား ဆရာက ပင်မဆောင်ဘက်မှာ round လှည့်နေတယ် ခဏစောင့်ဦးနော်"