Unicode
ဆေးခန်းတွင် လူနာများသောကြောင့် ချွေးများပင်ထွက်နေသည်။ သူနာပြုဆရာမ
မရှိသောကြောင့် ပို၍အလုပ်ရှုပ်နေရသည်။
လေးနာရီခွဲတွင် လူနာပါးသွားသည်မို့ ဆေးခန်းအတွင်းရှိ ခုံတွင်ထိုင်လိုက်သည်။ထိုစဥ် ဆေးခန်းရှေ့ ကားရပ်လာသောကြောင့် လိုက်ကာအားဖယ်၍ အပြင်သို့ကြည့်လိုက်သည်။ကားနောက်ခန်းမှ ထိုင်လိုက်လာသော
ကလေးသည် ငိုနေသောကြောင့် ဆေးခန်းတစ်ဝိုက် အနည်းငယ်ဆူညံသွားသည်။ နဖူးတစ်ဝိုက် ကျနေသော ဆံနက်ကလေးများတွင် ချွေးများစိုနေသဖြင့် ဆံပင်လေးများမှာ အစုလိုက်ဖြစ်နေသည်။ငိုနေသောကလေးအား လူနှစ်ယောက်တွဲလာသဖြင့်"လာ ဒီကုတင်ပေါ်တင်လိုက်"
ကုတင်ဘေးပတ်,ပတ်လည်တွင်ကာထားသော လိုက်ကာစအား ဖယ်၍ ပြောလိုက်သည်။
"ခြေထောက်ထိသွားလို့ပါ ဆရာ"
wushu (ဝူရှူး)ဆရာမှ ရှူ့အား ကုတင်ပေါ်တင်ပေးရင်းပြောလိုက်သည်။
"wushu ကစားရင်းဖြစ်တာလား"
သုံးယောက်လုံးမှာ အင်္ကျီဆင်တူဖြစ်ပြီး အင်္ကျီပေါ်တွင် 'wushu' ဟု ရေးထားသောကြောင့် မေးလိုက်သည်။
"ဟုတ်တယ်ဆရာ ကန်ရင်း အောက်ခြေလွတ်ပြီး လဲတာဆရာ"
ဆရာဝန်ဟုဆိုရသော ထိုလူကြီးနှင့် ဆရာက အပြန်အလှန်ပြောနေကြပေမယ့် ရှူ့ ကတော့ ကုတင်ပေါ်တွင် ခြေထောက်ဆင်းကာ ထိုင်ပြီးငိုနေသည်။
"ဘာမှမဖြစ်ဘူး အကြောဘဲထိသွားတာ မကျိုးဘူးကောင်လေး မငိုနဲ့"
တအီအီငိုနေသော ကောင်လေးအား အငိုတိတ်စေရန် ပြောလိုက်သည်။
"အီး..... ဟီး.... ဟီး...."
မငိုစေရန်ပြောလိုက်ပေမယ့် ထပ်ပြီးငိုနေသော ကောင်လေးအား
"ငိုရတာ မမောဘူးလား ကောင်လေး"
"ဟင့် နာတယ်"
ရှိုက်ရင်း ပြောလာသည်မို့ အသံကမပီ။
တရွဲရွဲငိုနေသော ကောင်လေးသည် အသားဖြူတာ မဟုတ်ဘဲ အသားအရည်က အဝါရောင်ဘက်ရောက်ပြီး ဝင်းမွတ်နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်တွေပြည့်ပြီး မျက်တောင်ရှည်ရှည် ကော့ကော့လေးများတွင် မျက်ရည်စလေးများ စိုစွတ်နေသည်။