Unicode Version
ကြည်ပြာရောင်ကောင်းကင်ကြီးအောက်မှာ မသိလိုက်မသိဘာသာ ပုံဖော်နေမိတဲ့အမှတ်တရအပိုင်းအစငယ်တို့ဟာ တခမ်းတနား..။
ချစ်မိသွားရင်တော့ အရာရာဟာ ခမ်းနားနေတော့တာပါပဲ။
ခါတိုင်းမြင်နေကျလမင်းကြီးကလည်း ဒီနေ့မှ ထူးထူးခြားခြားအသရေတင့်တယ်နေသလို ရိုးအီနေအောင် မြင်ဖူးပြီးသားဖြစ်တဲ့ ကြယ်စင်ကြယ်ပွင့်တွေဟာလည်း မျက်စိကျိန်းချင်စရာကောင်းအောင် တောက်ပနေတော့တာ။
"ကလေးလေးပြန်ဖြစ်သွားသလို ခံစားရတယ်။ ငယ်ငယ်တုန်းကလိုပေါ့.... ကိုယ့်သူငယ်ချင်းက ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ပိုခင်နေတဲ့အခါ ဖြစ်တတ်တဲ့ခံစားချက်မျိုး။ မတူတော့ မတူပေမဲ့ အလားတူခံစားချက်မျိုးပါပဲ။ မရင့်ကျက်သလို ခံစားရပေမဲ့ မထိန်းချုပ်နိုင်ဘူး"
ရုတ်ချည်းတိတ်ဆိတ်သွားတဲ့လေထုဟာ စိတ်ခံစားချက်ကိုဖွင့်ဟလာတဲ့ စိုင်းဇေယံထက်ရဲ့ စကားလုံးတွေကြောင့် ပြန်လည်တက်ကြွလာတယ်။
ရုတ်တရက်မို့ ကြောင်အသွားတဲ့တိမ်နယံဆွေးကတော့ ဒီစကားတွေဟာ မတိုင်ခင်က သူမေးလိုက်တဲ့မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ပြန်ဖြေလာတဲ့စကားတွေဆိုတာ သဘောမပေါက်ခင်အထိ နံဘေးက အမျိုးသားကို နားမလည်နိုင်စွာ ငေးနေမိတယ်။
မိုးပြာရောင်မျက်ဝန်းပိုင်ရှင်ဟာ ကောင်းကင်ထက်ကိုငေးရင်း သူ့အတွေးနဲ့သူ နစ်မျောနေလေရဲ့။
ဘေးတိုက်မြင်နေရတဲ့ အဲ့ဒီအမျိုးသားရဲ့ရုပ်အင်ဟာ အပြစ်ပြောစရာမရှိလောက်အောင် ကြည့်ကောင်းနေတာကလည်း ဘုရားပေးတဲ့ဆုလာဘ်တစ်မျိုးလေလား။
နဖူးပေါ်လှန်တင်ထားတဲ့ဆံနွယ်တွေ လေအဝှေ့မှာ ပြိုကျလာလေတိုင်း တက်တူးအပြည့်နဲ့လက်မောင်းကို မြှောက်လို့ ဖရိုဖရဲဖြစ်သွားရှာတဲ့ဆံနွယ်တွေကို သပ်တင်နေပုံဟာ မြင်သူတိုင်း အကြည့်မလွှဲချင်စရာ။
ပကာသနမဖက်တဲ့အလှတရားဟာ ဒီလောက်ညှို့ငင်နိုင်စွမ်းရှိလောက်မယ်မှန်း တိမ်နယံဆွေး မသိခဲ့ရိုးအမှန်။ ဒီမတိုင်ခင်က ဘယ်အမျိုးသားရဲ့ရုပ်ရည်ကိုမှ နှစ်ခြိုက်တယ်လို့မခံစားဖူးပေမဲ့ မျက်စိရှေ့က ဒီအမျိုးသားကိုတော့ဖြင့် Aphroditeရဲ့အလှတရားတွေ ဆက်ခံထားသလိုကို ချီးမွမ်းနေမိတာ အခါခါ...။
YOU ARE READING
မောင့်မေတ္တာရုံ
Romance"ဇွန်ပန်းတွေတောင်လိုပုံတော့ ဇွန်ပန်းရုံ.. စံပယ်တွေတောင်လိုပုံတော့ စံပယ်ရုံ.. မောင့်ရဲ့မေတ္တာတွေ တောင်လိုပုံမှတော့ မောင့်မေတ္တာရုံပေါ့ကွယ်" "ဇွန်ပန်းတွေ တောင်လိုပုံတော့ ဇွန်ပန်းရုံ.. စံပယ်တွေတောင်လိုပုံတော့ စံပယ်ရုံ.. မောင့်ရဲ့မေတ္တာတွေ တောင်လိုပံ...