အပိုင်း(၁)

1.2K 55 5
                                    

Unicode Version

ကားပေါ်ကဆင်းဆင်းချင်း သူမြင်လိုက်ရတာက မရင်းနှီးတဲ့လူတွေ၊ မရင်းနှီးတဲ့အသံတွေ၊ မရင်းနှီးတဲ့လှုပ်ရှားမှုတွေနဲ့အတူ ရင်းနှီးမလိုလိုနဲ့ စိမ်းသက်နေတဲ့မြို့...။

မှတ်မှတ်ထင်ထင်ဖြစ်လောက်စရာမရှိတဲ့ အရှုပ်အထွေးကြီးထဲမှာ ထင်းခနဲမြင်သာနေတာကတော့ "ရွှေတလူမြို့မှ ကြိုဆိုပါ၏"ဆိုတဲ့ဆိုင်းဘုတ်။

ဒီမြို့လေးကို အလည်တစ်ခေါက်ရောက်လာဖူးပေမယ့် အခုလက်ရှိမှာတော့ မြင်သမျှဟာ သူ့အဖို့ အသစ်အဆန်းသာ။ အလည်လာဖူးတာကလည်း နှစ်တွေနဲ့ချီပြီးကြာခဲ့ပြီကိုး။

လာကြိုမယ်ဆိုတဲ့လူကလည်း ရောက်မလာသေးတာကြောင့် ကျောပေါ်မှာ ကျောပိုးအိတ်တစ်လုံးကိုလွယ်၊ လက်တစ်ဖက်မှာလဲ အဝတ်အစားထည့်ထားတဲ့အိတ်ကိုဆွဲလို့ နေပူကျဲကျဲထဲကနေ အပင်ရိပ်အောက်ကို နေရာရွှေ့ရပြန်တယ်။

အပင်အောက်ကိုရောက်တော့ လက်ထဲကအထုပ်အပိုးတွေကို ခဏချထားပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ပုဆိုးကို ပြင်ဝတ်လိုက်တယ်။ တချို့ယောကျ်ားတွေက ပူအိုက်တဲ့အခါ ပုဆိုးကို ခပ်တိုတိုဝတ်တတ်ကြပေမယ့် ရာသီဥတုမရွေးတဲ့သူကတော့ မိုးတွင်းအခါ ရွှံ့ဗွက်ပေကျံမှာမျိုးကလွဲရင် ပုဆိုးကို အမြဲခပ်ရှည်ရှည်ဝတ်ထားတတ်တဲ့အကျင့်က ဖျောက်မရ။

"ရာသီဥတုကလဲ ပူချက်"

နဖူးထက်က ချွေးစက်တွေကိုသုတ်ရင်း ကျောပိုးအိတ်ထဲကဖုန်းကိုထုတ်တော့ လက်မှာစိုတဲ့ချွေးစက်တွေက ဖုန်းကိုပါ ပေကျံသွားစေရဲ့။

လာကြိုမဲ့လူက သူ့ရဲ့သူငယ်ချင်းဖြစ်တာကြောင့် အခြေအနေမေးမြန်းဖို့ ဖုန်းသာကောက်ခေါ်လိုက်တယ်။ ခေါ်လိုက်တော့လဲ ပထမတစ်ခေါက်က မကိုင်။ ဒုတိယအခေါက်မှ ကိုင်တယ်။

"ဟေ့ကောင် ကြာလိုက်တာကွာ။ အခုထိရောက်မလာဘူး"

"ဆောရီးပါ ငါ့ကောင်ရာ။ လမ်းမှာ ဆိုင်ကယ်က ရုတ်တရက်ကြီးထိုးရပ်သွားလို့ ပြင်နေတာနဲ့ကြာသွားတာ။ အခု လာနေပါပြီ။ ခဏပဲစောင့်"

အကြောင်းပြချက်က အဆင်သင့်ရှိနေတာကြောင့် သူ့မှာ ဘာမှမပြောသာ။ ဆက်စောင့်နေဖို့သာ ရှိတော့တယ်။ ရာသီဥတုကပူပေမဲ့ အပင်ရိပ်အောက်မှာမို့ နည်းနည်းတော့သက်သာတယ်။ ဒါပေမဲ့ ကြာလာတော့ လူက မိုးတိုးမတ်တပ်နဲ့မို့ ညောင်းလာတယ်။ ဒီတိုင်းတော့ မဖြစ်။ "ခဏပဲစောင့်"ဆိုပေမဲ့ အဲ့ဒီခဏက ဘယ်လောက်ကြာမယ်မှန်း မသိတာကြောင့် ဆိုင်တစ်ဆိုင်မှာပဲ တစ်ခုခုစားရင်းစောင့်ဖို့ သူဆုံးဖြတ်လိုက်တယ်။

မောင့်မေတ္တာရုံWhere stories live. Discover now